ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်သင်ကြား

ပခုက္ကူ ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ရေများဝင်ရောက်ခဲ့၍ ယာယီပိတ်ထားရသော စာသင်ကျောင်း (၃၇) ကျောင်းရှိရာ ယခုအခါစာသင်ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ရေဝင်ရောက်ခဲ့၍ ဇူလိုင်လ (၉) ရက်နေ့စတင်ပြီး မူလတန်း (၂၀) ကျောင်း၊ အလယ်တန်း (၁၄) ကျောင်းနှင့် အထက်တန်း (၃) ကျောင်း၊ စုစုပေါင်း အခြေခံပညာ‌ကျောင်း (၃၇) ကျောင်းအား ယာယီပိတ်ထားခဲ့ရကြောင်း၊  ဇူလိုင်လ (၂၉) ရက်နေ့ကစတင်ပြီး ဧရာဝတီမြစ်ရေ တဖြည်းဖြည်းကျဆင်းလာမှုကြောင့် ရေပြန်လည်ကျသွားသည့် စာသင်‌ကျောင်းများ ပြန်လည်ဖွင့်လှစ်ကာ ပုံမှန်အတိုင်းပညာသင်ကြားပေးနေပြီဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်‌အေးချမ်းသာစွာ သင်ကြားနိုင်ရေးနှင့် ရေဆိုး‌ရေညစ်များ မကျန်ရှိစေရေးတို့အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများပူးပေါင်းပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးကြကြောင်းနှင့် ကျောင်းသင်ခန်းစာများ နောက်မကျစေရေး စနေ‌နေ့နှင့်တနင်္ဂနွေနေ့များတွင် အစားထိုးပြန်လည် သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။

ဘာမီသာ(ပခုက္ကူ)