ကန့်ဘလူ ဩဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင် စားသုံးသူရေးရာဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်က ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ကြီးကိုယ်စား ဆရာဦးသောင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက ကျောင်းသား၊ ကျောင်းသူများ အသိအလိမ္မာနှင့်ပညာဗဟုသုတများရရှိနိုင်စေရေး စာပေဖတ်ရှုကြရန်လိုအပ်ကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အမှားအမှန် ခွဲခြားတတ်ပြီး အသိပညာဗဟုသုတများ ရရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် သုတရသစာအုပ်များကို အခမဲ့ငှားရမ်းပေးလျက်ရှိရာ စာအုပ်များငှားရမ်းဖတ်ရှုစေလိုကြောင်း၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်လာစေရန်တို့ကိုလည်းကောင်း၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူအခွင့်အရေးများကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်၊ ပြည်သူတိုင်းကစားသုံးသူဖြစ်ပြီး စားသုံးသူ တိုင်းတွင် စားသုံးသူ အခွင့်အရေးရှိကြောင်း၊ မိမိတို့ဆုံးရှုံးနစ်နာမှုများရှိပါက ကုစားပိုင်ခွင့်၊ အခွင့်အရေးရပိုင်ခွင့်၊ ဖြေရှင်းပိုင်ခွင့်တွေကိုလည်းကောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်ပြ၊ ကာတွန်း၊ သုတ၊ ရသ၊ မဂ္ဂဇင်း၊ ပုံပြင် စသည့် အသိပညာတိုးပွားရေး စာအုပ်စာပေများနှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများပြသခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)