ကံမ ဩဂုတ် ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ မြို့ပေါ်ရပ်ကွက်များရှိ ဈေးဆိုင်များတွင် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော ဆန်နှင့်စားအုန်းဆီများ သင့်တင့်မျှတသည့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ဝန်ထမ်းများက ယမန်နေ့ မွန်းတည့် (၁၂)နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာ၌ မြို့ပေါ်ရပ်ကွက်များရှိ ဆန်အရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ရောင်းချမှု ရှိ၊ မရှိနှင့် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ၊ မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးထက် အဆမတန် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ၊ မရှိ၊ အလေးချိန်အချင်အတွယ် မှန်ကန်စွာ ရောင်းချမှု ရှိ၊ မရှိတို့အား ဈေးနှုန်းဈေးကွက်အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)