ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့တွင်း တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဘားအံ ဩဂုတ် ၇

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့တွင်း တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီး စိန်ပန်းပြာလမ်းနှင့်စိန်ပန်းနီလမ်းထောင့်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃)မှ တာဝန်ယူတည်ဆောက်လျက်ရှိသော ကရင် ပြည်နယ်ဧည့်ရိပ်သာ (၁၅၀ပေ x ၄၈ပေ) RC(၆)ထပ် အဆောက်အဦ တည်ဆောက်ရေးနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခြင်းလုပ်ငန်း ခွင်သို့သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်ညို၊ အဆောက်အဦအထူးအဖွဲ့ (၁၃) ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ)ဦးမြင့်သူနှင့်တာ ဝန်ရှိသူများက ‌ဧည့်ရိပ်သာအဆောက်အဦ အထူးအချောသတ်လုပ်ငန်း ဆောင်ရွက်ခြင်း၊ မြို့ပြလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပြင်ပဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေသည့်အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်ကမိုးများသည့်ဒေသဖြစ်သည့်အတွက် အဆောက်အဦပတ်ဝန်းကျင်တွင် ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ရန်၊ လုံခြုံရေးအဆောက်အဦနှင့် နှစ်ထပ်ဘန်ကာများထည့်သွင်းတည်ဆောက်ရန်၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်မှာကြားကာ ကရင်ပြည်နယ်ဧည့်ရိပ်သာ (၁၅၀ပေ x ၄၈ပေ) RC (၆)ထပ် အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆောက်အဦအထူးအဖွဲ့(၁၃) မှ တာဝန်ယူ တည်ဆောက်လျက်ရှိသော ညွှန်ကြားရေးမှူးအိမ်ရာ (၅၆' x ၅၀') RC (၂)ခန်းတွဲ(၄)ထပ် အဆောက် အဦနှစ်လုံး တည်ဆောက်ရေးလုပ်ငန်းခွင်၊ ပြည်နယ်ဘဏ္ဍာခွင့်ပြုရန်ပုံငွေဖြင့် အားကစားနှင့် ကာယပညာဦးစီးဌာန၊ Youth Center(၁၄၀ x ၈၀)RC (၃)ထပ်အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းခွင်များကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားကာ အဆိုပါတည်ဆောက်ရေးလုပ်ငန်းခွင်များ အနီးရှိပြည်နယ် GYM နှင့် စားပွဲတင်ခန်းမအတွင်း လူငယ်များလေ့ကျင့်ကစားနေမှုများကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ယူတည်ဆောက်သော ပြင်ပလူနာဌာနတိုးချဲ့ဆောင် (၃၈' x ၃၀'x ၂၅')RC (၂)ထပ် အဆောက်အဦတည်ဆောက်ပြီးစီးမှုအခြေအနေ၊ ဆေးရုံအဝင်လမ်းနှင့်မုခ်ဦး တိုးချဲ့ဆောင်ရွက်မည့်အခြေအနေ၊ (၃၀'x၄၀'x၉') Steel Structure အမျိုးအစား လူနာစောင့်များ နားနေဆောင် တည်ဆောက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးပြီးတာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)တွင် အလျား ၁၇၇ ပေ၊ အနံ ၃၄ ပေ၊ ၁၈၉၂၀ စတုရန်းပေရှိ (၆)ခန်းတွဲ(၄)ထပ် RC အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ယူတည်ဆောက်သည့် အဆောက်အဦ အထူးအဖွဲ့(၁၃)ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ)ဦးမြင့်သူ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်စွာမြင့်နှင့်တာဝန်ရှိသူများက လုပ်ငန်းပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)