၂၀၂၄ ခုနှစ်၊ တနင်္သာရီမြစ်ရေကြီးမြင့်မှုကြောင့် ရေဘေးသင့်မိဘပြည်သူများအား တိုင်းအစိုးရအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ/ အလှူ ရှင်များက ငွေနှင့်စားရေရိက္ခာများ ထောက်ပံ့လှူဒါန်းပေး

တနင်္သာရီ  ဩဂုတ် ၇

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ တနင်္သာရီမြစ်ရေသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(ဒုတိယ)ပတ်အတွင်း မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းနေမှုကြောင့် ဇူလိုင်လ ၂၅ ရက်နေ့တွင် မြို့နယ်၏ စိုးရိမ်ရေအမှတ်ဖြစ်သည့် (၁၇)ပေ (၅၁၈.၁၆ Cm)ကိုလည်းကောင်း/ ဇူလိုင်လ ၂၇ ရက်နေ့၌ အန္တရာယ်ရေအမှတ်ဖြစ်သည့်(၂၄)ပေ(၇၃၁.၅၂Cm)ကိုလည်းကောင်း/ဇူလိုင်လ(၃၁)ရက်နေ့မှာ တနင်္သာရီမြစ်ရေသည် အန္တရာယ်ရေအမှတ်ထက် (၇)ပေကျော်လွန်၍ (၃၁)ပေအထိ ကြီးမြင့်ခဲ့သောကြောင့် ၁၉၉၄ ခုနှစ်နောက်ပိုင်း နှစ် (၃၀)ကာလအတွင်း ဒုတိယအကြိမ်၊ မြစ်ရေအကြီးဆုံးနှစ်အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး ဩဂုတ်လ၁ရက်နေ့မှစ၍ မြစ်ရေများ တဖြည်းဖြည်းပြန်လည်ကျဆင်းလျက်ရှိရာ ဩဂုတ်လ ၄ ရက်နေ့နံနက် ၉ နာရီအချိန်တိုင်းထွာချက်အရ (၁၉ပေ)အထိရောက်နေပြီး ဆက်လက်လျော့ကျနေကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်မှ ဩဂုတ်လ ၁ ရက်အထိ ကယ်ဆယ်ရေးစခန်း (၁၄)ခုနှင့် နီးစပ်ရာ ဆွေမျိုးများနေအိမ်သို့ အိမ်ခြေ(၈၃၆)ခု၊ အထိမ်ထောင်စု (၈၃၉)စုမှ လူဦးရေကျား (၁၈၈၅)ဦး+ မ(၂၀၅၄)ဦး အားလုံးစုစုပေါင်း(၃၉၃၉)ဦးတို့သည် ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြကြောင်း သိရသည်။

ထိုသို့ မြစ်ရေကြီးမှုဖြစ်နေစဉ် တိုင်းဒေသကြီးအစိုးရအဖွဲ့(ကိုယ်စား) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဇူလိုင်လ ၃၁ ရက်နေ့က အိမ်ထောင်စု (၁၁၀)မှ လူဦးရေ (၅၂၇)ဦးအတွက် တစ်ဦးလျှင် တစ်ရက်စာ ဆန်(၂)ဘူးနှုန်းဖြင့် (၇)ရက်စာအတွက် (၃၉၂၇၀၀၀/-)တန်ဖိုးရှိ ဆန်(၄၁) အိတ်နှင့်(၁၈)ပြည်ကို ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူထံသို့ စားရေရိက္ခာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အလားတူအဆိုပါရေဘေးသင့်ပြည်သူများအား ဆရာတော်ဦးဝဇိယဦးစီးသည့် မြသီတာကျောင်းဆရာတော်နှင့် နဝထပ်ကျောင်းဆရာတော်အရှင်နန္ဒာသီရိနှင့် ထိုင်းရောက်မြန်မာများအဖွဲ့က ဆင်ခြေဖုန်း ကျေးရွာအုပ်စု- မမသောင်အရှေ့/အနောက်ကျေးရွာ၊ ဥယျာဉ်ကမ်းရွာ၊ စတိန်သောင် ကျေးရွာ၊ ဗောဓိကမ်းကျေးရွာ၊ ကျွဲထိန်းကွင်းကျေးရွာနှင့်ပျို့အိုင်ရွာတို့မှ အိမ်ထောင်စု(၄၀၃)စုအတွက် တစ်စုလျှင် ဆန်(၂) ပြည်၊ ရေသန့်တစ်ဘူး၊ ဓာတ်ဆားတစ်ထုပ်စီတို့ဖြင့် နှစ်ကြိမ်တိတိ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

အလားတူ မောတောင်မြို့မှ ဦးတင်ကိုလတ်၊ ကိုနေရောင်၊ ဦးလင်းထိုက်စိုး၊ ကိုရဲနောင်နှင့်ညီအစ်ကို မောင်နှမများအဖွဲ့ကလည်း တနင်္သာရီမြို့ပေါ်ရှိ ရေဘေးသင့်အိမ်ထောင်စု(၂၇၀)စုအတွက် ဆန်(၃) ပြည်စီ၊ ကြက်ဥ၊ မာမားနှင့် ရေသန့်ဘူးတို့ကိုလည်းကောင်း၊ ဝင်္ကဘာကျောင်းတိုက်၊ ဘိုးဘွားရိပ်သာနှင့် ချောင်းငယ်ကျောင်းတိုက်၊ လယ်တောင်ယာရွာတို့ရှိ အိမ်ထောင်စုများအတွက်  စုစုပေါင်း ဆန်အိတ်ကြီး(၃၁)အိတ်နှင့် (၃)ပြည်ဝင် ဆန်အိတ်(၂၅၀)အိတ်၊ ဆီ(၂၄)ဖာ၊ မာမား(၂၂၇)ဖာ (၆၈၁၀ထုပ်)၊ ကြက်ဥ(၂၇၀၀လုံး)၊ ရေသန့် တစ်လီတာဘူး(၁၇၄၀ ဘူး)၊ ပဲနို့ပုလင်း(၂၄၀ ဘူး)၊ ဒိန်ချဉ်အချိုရည်(၄)ဖာနှင့် ငါးသေတ္တာဘူး(၅)ဖာ စသည်တို့ကို အလှူရှင်များအားလုံးကိုယ်စား ရေဘေးသင့်မိသားစုများထံ အချိုးကျထောက်ပံ့လှူဒါန်းပေးကြောင်း သိရသည်။

အလားတူ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စုအတွင်း N.P.K Network မှ ဦးမျိုးကိုကိုနှင့်အဖွဲ့က တာဝန်ယူ၍ အရပ်ဝေး/အရပ်နီးမှစေတနာရှင်အလှူရှင်များ စုပေါင်းထည့်ဝင်လှူဒါန်း ငွေဖြင့် ညောင်ပင်ကွင်းအရှေ့ရွာနှင့်ညောင်ပင်ကွင်းအနောက်ရွာရှိ ရေဘေးသင့်ပြီး ချိုတဲ့သည့် အိမ်ထောင်စုပေါင်း (၂၀၉)စုအား တစ်စုလျှင် ထောက်ပံ့ငွေ(၂၅၀၀၀/-)နှုန်းဖြင့် (၅၂သိန်း၊ ၂၅၀၀၀ကျပ်)တိတိကို ပြန်လည်ထူထောင်နိုင်ရေးအတွက် အလှူရှင်များကိုယ်စား လက်ဝယ်အရောက် လှူဒါန်းပေးကြောင်း သိရသည်။

ထို့နည်းတူ မြို့နယ်ကြက်ခြေနီအသင်းမှတပ်စုမှူး နေလင်းထက် ဦးဆောင်သည့်လူငယ်များအဖွဲ့က ရေဘေးသင့်အိမ်ထောင်စု(၇၅)စုအတွက် တစ်ကိုယ်ရေးသုံးပစ္စည်းပုံးကြီး (၇၅)ပုံးနှင့် သောက်ရေပုံးကြီး(၂၂) ပုံးတို့ကို ထောက်ပံ့ပေးခြင်း၊ မြစ်ရေကြီးနေစဉ်နှင့် မြစ်ရေပြန်ကျစဉ်ကာလအတွင်း လူနာများအား ကူညီရွှေ့ပြောင်းပေးခြင်း၊ သယ်ယူပို့ဆောင်ပေးခြင်းနှင့် ရေဘေးသင့်ပြည်သူများ၏ မိသားစုဝင်များအား ကူညီကယ်ဆယ်ပေးခြင်း၊ အခြားလူမှုရေးအဖွဲ့များနှင့် ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)