ဒေးဒရဲမြို့နယ်၌ အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ(အမျိုးသား) ဘောလုံးပြိုင်ပွဲ ကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒေးဒရဲ သြဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြို့နယ် ပညာရေးမှူးဖလား အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ(အမျိုးသား) ဘောလုံးပြိုင်ပွဲအောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးလှစိုးက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားပေါ်ထွန်းလာစေရေးနှင့် အားကစား ကဏ္ဍပိုမိုဖွံ့ဖြိုးလာစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများနှင့် အခြေခံပညာ ကျောင်းပေါင်းစုံပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ချစ်ကြည်ရင်းနှီးမှုတိုးပွားစေရေး ကျင်းပပေးခြင်းဖြစ်ပြီး တစ်ဦးနှင့် တစ်ဦးခိုက်ရန်ဖြစ်ပွားမှု မရှိစေရေး သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက ကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားဆွေးနွေးခဲ့ပြီး ဒုတိယပညာရေးမှူး ဦးထွန်းမြတ်သူက ပြိုင်ပွဲဝင်ကျောင်းသားများနှင့် နည်းပြအဖွဲ့များ တည်းခိုနေထိုင်ရေး အဆင်ပြေချောမွေ့စေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများအား ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် တာဝန်ခံကျောင်းအုပ်ကြီးများက သိရှိလိုသည့်အချက်များနှင့် လိုအပ်ချက်များက မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ(အမျိုးသား) ဘောလုံးပြိုင်ပွဲအား ၂၀၂၄ ခုနှစ် သြဂုတ်လ(၁၁)ရက်နေ့မှ စက်တင်ဘာလ (၁)ရက်နေ့ထိ မြို့မဘောလုံးကွင်းသစ်ကြီးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(၁၄) ကျောင်းက ကျောင်းသားများ ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း