ဒေးဒရဲမြို့နယ်၌  စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဒေးဒရဲ သြဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာမှု တိုးပွားစေရေး၊ စာကြည့်တိုက်များနှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိစေရေးနှင့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း ရင်းနှီးချစ်ကြည်မှုတိုးပွားစေရေးအတွက် မြို့နယ်အဆင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်အနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုမှု တိုးပွားလာစေရေး၊ စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရေးအတွက် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ သက်ဆိုင်ရာ ဌာနများက ကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က မြို့နယ်အဆင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆင်နွှဲ နိုင်ရေးအတွက် ကာယ၊ ဥာဏစွမ်းရည်ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပသွားမည့်လုပ်ငန်းများနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနက မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများအလိုက် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ သွားလာရေးနှင့် ပြပွဲပြခန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများနှင့် ဌာနများအလိုက် ပြခန်းများပြသသွားမည့်လုပ်ငန်းများအား ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုမှုတိုးပွားစေရေး အခြေခံပညာကျောင်းများသို့ကွင်းဆင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲများ၊ လူငယ်အသိပညာပေး ဟောပြောပွဲများနှင့် လူငယ်စကားဝိုင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း