မုံရွာ သြဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (၇/၂၀၂၄) အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအား လစဉ်လတိုင်းကျင်းပဆောင်ရွက်လျက်ရှိရာ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် အရေးကြီးလုပ်ငန်းဆောင်တာများ၊ ရေရှည်လုပ်ရမည့်ကိစ္စရပ်များ၊ လုပ်ငန်းရှင်များအတွက် လိုအပ်ချက်များကို ယခုလိုပုံမှန်တွေ့ဆုံခြင်းဖြင့် သိရှိဖြေရှင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ဟိုတယ်၊ မိုတယ်၊ သယ်ယူပို့ဆောင်ရေးနှင့် စားသောက်ဆိုင်များ၊ ဒေသထွက်အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ ဝန်ဆောင်မှုပေးနေသူများ၊ ဧည့်လမ်းညွှန်များစသည့် လူတန်းစားအလွှာအသီးသီးထံ တိုက်ရိုက်ဝင်ငွေရရှိစေသည့်အတွက် အားလုံးအဆင်ပြေချောမွေ့ စီးပွားဖြစ် ထွန်းစေရန် အဓိကဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ခရီးသွားလုပ်ငန်းကဏ္ဍသည် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးမှုတွင် ဦးဆောင်နေရာတွင် ရပ်တည်နေသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာပါက နိုင်ငံတော်၏စီးပွားရေးအား များစွာအထောက်အကူပြုမည့်အပြင် နိုင်ငံခြား ဝင်ငွေတိုးပွားလာမည်ဖြစ်သည့်အတွက် အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ပါကြောင်း၊ ဒါကြောင့်မိမိတို့တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ တည်းခိုနေထိုင်ရေးတို့အတွက် အခုလိုလစဉ်လတိုင်း မပျက်မကွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ (၆/၂၀၂၄)၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များနှင့် ဟိုတယ်/ တည်းခိုရိပ်သာ လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်းဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားဒေသများပတ်ဝန်းကျင်များတွင် သန့်ရှင်းသာယာ လှပရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ လုံခြုံရေးအခြေအနေများနှင့်ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)