ဝမ်းတွင်း၊ နိုဝင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ လိန်ပင်ကျေးရွာအုပ်စု၊ ထနောင်းကုန်းကျေးရွာတွင် သောက်သုံးရေ (ရေချို)ရရှိ၍ ကျေးလက်နေပြည်သူများ ဝမ်းသာလျက်ရှိကြောင်း သိရသည်။
ထနောင်းကုန်းကျေးရွာသည် အိမ်ခြေ(၃၂၀)ရှိပြီး ကျေးရွာအတွက် ရေအခက်အခဲများကိုနှစ်စဉ် ကြုံတွေ့နေရပြီး ကျေးရွာအတွက် စက်ရေတွင်းပေ(၅၀)မှ (၁၂၀၀)အတွင်း တူးဖော်သော်လည်း သောက်သုံးရေအတွက် ရေချိုမရရှိဘဲ ရေငံသာထွက်ရှိကြောင်းရွာခွဲ(တာဝန်ခံ) ဦးထွန်းနိုင်ထံမှသိရသည်။
ယခုအခါကျေးရွာ၏ အနောက်ဘက်(၁)မိုင်ခန့်အကွာတွင်မြေအလှူရှင်များ၏ သဘောတူညီ ချက်ဖြင့် ဝမ်းတွင်းမြို့နယ်အမှတ်(၁)ရပ်၊ စက်ရေတွင်းအလှူရှင် “ဇာမဏီ”အထည်စက်မိသားစုမှ အနက်ပေ(၄၆၀)၊ အကျယ်(၄)လက်မရှိ စက်ရေတွင်းတူးဖော်ပေးခဲ့သည့်အတွက် သောက်သုံးရေချိုထွက်ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ရေချိုထွက်ရှိလာခြင်းကြောင့် အလှူရှင်မှ အောက်ခံခုံအမြင့်(၈)ပေ၊အ လျား(၂၀)ပေ၊အနံ(၁၀)ပေ၊ ရေဂါလံ(၅၆၀၀)ဆံ့၊ ကွန်ကရစ်ကန် တည်ဆောက်ပေးခြင်း၊ ကျေးရွာအ ရောက်(၂)လက်မပိုက်များ သွယ်တန်းပေး ခြင်း၊ အဲယားနှင့်အင်ဂျင်စက်များလှူဒါန်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာရေရရှိရေးကော်မတီမှလည်း ရေမီတာစနစ်ဖြင့်ရေများဖြန့်ဝေနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ထနောင်းကုန်းကျေးရွာတွင် သောက်သုံးရေချိုရရှိလာသည့်အတွက် မြေအလှူရှင်၊စက် ရေတွင်း အလှူရှင်များကို ကျေးရွာနေပြည်သူများက မိမိတို့အိမ်အရောက်ရေများရရှိတော့မည်ဖြစ်သည့်အတွက် အထူးပင်ဝမ်းသာဝမ်းမြောက်ဖြစ်မိပါကြောင်း ကျေးရွာသူ/ကျေးရွာသားများထံမှသိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)