တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး မြိတ်မြို့နယ်ကုန်တင်ကုန်ချလုပ်သားများအား မိုးတွင်းရိက္ခာ ဆန်/ဆီထောက်ပံ့၊ ပြည်သူ့ဆေးရုံနှင့် အခြေခံကျောင်းများအားစစ်ဆေး

မြိတ် ဩဂုတ် ၇

တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဩဂုတ် (၅)ရက်နံနက်ပိုင်းက မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးတွင် ကုန်တင်ကုန်ချ လုပ်သားများအား မိုးတွင်းရိက္ခာ ဆန်/ဆီ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ပြီး အမှာစကား ပြောကြားသည်။

ယင်းနောက် မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံး ဦးစီးအရာရှိ ဦးလင်းကိုကိုက ကုန်တင်ကုန်ချ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လုပ်သားမှူးများက ၄င်းတို့၏ အခက်အခဲများကို တင်ပြခဲ့ကြရာ လူမှုရေးရာဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ယင်းနောက် လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ကုန်တင်ကုန်ချလုပ်သားများအား မိုးတွင်းရိက္ခာ ဆန်/ဆီ ထောက်ပံ့ပေး အပ်ခဲ့ကြသည်။

ဆက်လက်၍ လူမှုရေးရာဝန်ကြီး၊ ခရိုင်ပညာရေးမှူး ဒေါ်လှလှ‌အေးနှင့် တာဝန်ရှိသူများသည် ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ကြရာ ကန်စွန်းအင်း တေးဂီတအဖွဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး လူမှုရေးရာဝန်ကြီးကကျောင်းသား/သူများအား နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်၊ ယဉ်ကျေးမှုများကို မြတ်နိုးတန်ဖိုးထားကြရန်နှင့်ပညာကို ကြိုးစားသင်ယူကြရန် အမှာစကားပြောကြားသည်။

ဆက်လက်၍ လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့သည် မြိတ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ကြပြီး ပြည်သူ့ဆေးရုံဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်နှင့် သူနာပြုများအားတွေ့ဆုံ၍ လုပ်ငန်းလမ်းညွှန်အမှာ စကားပြောကြားသည်။ ထိုနောက် ဆေးရုံအုပ်ကြီး၊ ခရိုင်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသန္တာမျိုးဝင်းက ဆေးရုံဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြ၍ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်နှင့် သူနာပြုများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး လူမှုရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

ထိုမှတဆင့် အထက(ကျွဲကူး)ကျောင်းသို့ ရောက်ရှိခဲ့ကြပြီး ကျောင်းစာကြည့်တိုက်၊ Languague Lab နှင့် စာသင်ခန်းများတွင် ကျောင်းသား/သူများအား သင်ကြားသင်ယူဆောင်ရွက်ပေးနေမှုအား ဝန်ကြီးနှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြသည်။ ယင်းနောက် စံပြတန်ဆောင်၊ ထွန်းတောက်ကြယ်နှင့် မြင်းမိုရ်ကိုယ်ပိုင်ကျောင်းများသို့ သွားရောက်၍ ဆရာ/များနှင့် ကျောင်းသားသူ/များအား တွေ့ဆုံအမှာစကားပြောကြားပြီး ကျောင်းဆောင်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)