ပခုက္ကူမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားဆောင်ရွက်

ပခုက္ကူ ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၄ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်မိခင်ကလေးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ခိုင်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်မြမြသက်နှင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုပေးခြင်း၊ နို့တိုက်မိခင်များအား နည်းစနစ်မှန်ကန်စွာ နို့တိုက်ကျွေးနိုင်ရေး ရှင်းလင်းပြသပေးခြင်း၊ အသက် (၅) နှစ်အောက်ကလေးငယ်များအား သံချဆေး၊ ဗီတာမင်အေနှင့် အဏုအာဟာရမုန့်တိုက်‌ကျွေးခြင်းများဆောင်ရွက်ကြပြီး ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရ ဖွံ့ဖြိုးစေရေးနှင့် ကျန်းမာရေးဆိုင်ရာလိုက်နာရမည့် ဆောင်ရန်ရှောင်ရန် အချက်များ၊ ရင်သွေးငယ်များ အာဟာရဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းစွာကြီးပြင်းလာစေရေး အသိပညာပေး ရှင်းလင်းဟောပြောကြသည်။

ပခုက္ကူမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုကို ဩဂုတ်လ (၁) ရက်မှ စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင် (၁၂၀) ဦး၊ နို့တိုက်မိခင် (၂၀၀) ဦးကျော်နှင့် ကလေးငယ် (၃၀၀) ဦးကျော်တို့အား ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးအတွက် အာဟာရဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)