ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေကျဆင်းသွား၍ စာသင်ကျောင်း (၃)ကျောင်း ပြန်လည်ဖွင့်လှစ်

ပွင့်ဖြူ ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်၍ ယာယီပိတ်ထားရသည့် စာသင်ကျောင်းများအနက် စာသင်ကျောင်း (၃)ကျောင်းကို ယမန်နေ့ နံနက်ပိုင်းက မြစ်ရေကျဆင်းသွားသဖြင့် ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ဧရာဝတီမြစ်ရေကျဆင်းသွားသဖြင့် ပြန်လည်ဖွင့်လှစ်သည့် စာသင်ကျောင်း (၃)ကျောင်းမှာ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းရွာသစ်ကျေးရွာ(အ.မ.က)၊ ငါးခြောက်ကျွန်း(ရေလည်ကျွန်း)ကျေးရွာ(အ.မ.က)ကျောင်းနှင့် နန်းတော်ကျွန်းကျေးရွာ(အ.မ.က)ကျောင်းတို့ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းသင်ခန်းစာနောက်မကျစေရေးအတွက် အစားထိုးစာသင်ချိန်များကို တနင်္ဂနွေနေ့ကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်ခဲ့မှုကြောင့် ရေဝင်ရောက်ခဲ့သည့် စာသင်ကျောင်း (၃၀)ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ရေဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယာယီပိတ်ထားခဲ့ရပြီး ယခုအခါ ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းလာသည့်အတွက် စာသင်ကျောင်းအချို့ကို ပြန်လည်ဖွင့်လှစ်ပြီး ပညာသင်ကြားပေးလျက်ရှိရာ ဇူလိုင် ၂၅ ရက်နေ့မှ ယနေ့အထိ စာသင်ကျောင်း (၂၆)ကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးက ပြောပြ၍ သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)