ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးမြေပဲ ၇၂၄၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားချက်ထက်ပိုမိုစိုက်ပျိုးနိုင်

ကျွန်းလှ ဩဂုတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်တွင်းစားသုံးဆီ ဖူလုံစေရန်အတွက် ဆီးထွက်သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးမြေပဲ ၇၂၄၃‌ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 “ဆီထွက်သီးနှံစိုက်ပျိုးတဲ့တောင်သူတွေကို ဒေသရာသီဥတုနဲ့ကိုညီပြီး အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပညာပေးကွင်းသရုပ် ပြပွဲများနဲ့ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပါတယ်”ဟု ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်က မိုးမြေပဲ ၇၂၃၅ ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှ ၄၃ ဒသမ ၅၀ တင်းထွက်ရှိခဲ့ကြောင်း၊ ယခုနှစ် မိုးမြေပဲစိုက်ပျိုးရန် ၇၂၂၃ ဧက လျာထားပြီး ၇၂၄၃ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။

မျိုးဝင်းညို