ဖောင်းပြင်မြို့၌ ပြည်သူလူထု ပူးပေါင်းပါဝင်သော မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး

ဖောင်းပြင် ဩဂုတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ သစ်တောသစ်ပင် စိုက်ပျိုးထိန်းသိမ်းခြင်းနှင့်ပတ်သက်ပြီး အသိပညာတိုးပွားစေရန် ရည်ရွယ်၍ ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်း အသိပညာပေး ဟောပြောပွဲကို အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ဖောင်းပြင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်သန်းကိုက သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောသစ်ပင်တို့၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ တောအုပ်ဦးရဲသီဟအောင်က သစ်တောသစ်ပင်ထိန်းသိမ်းခြင်းဆိုင်ရာများကိုလည်းကောင်း အသိပညာပေးပြောကြားကာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များနှင့်ပတ်သက်၍ မေးမြန်းမှုများအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သစ်ပင်စိုက်ပျိုးခြင်းနှင့်ပတ်သက်ပြီး ရှင်သန်အောင်မြင်အောင် စိုက်ပျိုးသည့် နည်းပညာများကို သိရှိစေရန်အတွက် အဆိုပါကျောင်းဝင်း အတွင်းတွင် အမြင့် ၂ ပေ အထက်ရှိသော ကျွန်းအပင် ၄၀၊ ကံ့ကော် ၅ပင်၊ ခရေ ၅ပင်တို့အား သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများပူးပေါင်း၍ လက်တွေ့စိုက်ပျိုးကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)