ကန်ကြီးထောင့် ဩဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် နေ့စဉ် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုတို့ကြောင့် ကျောင်းဝင်းအတွင်း ရေများဝင်ရောက်ခြင်းနှင့် ကျောင်းသား/သူများ ကျောင်းသွားရာလမ်းများ ရေကျော်ခြင်းတို့ကြောင့် ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအနက် ကျောင်း(၇)ကျောင်းအား ဩဂုတ်လ (၅)ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် နေ့စဉ် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှု တို့ကြောင့် ဇူလိုင်လ(၂၉)ရက်နေ့က စတင်၍ အခြေခံပညာအထက်တန်းကျောင်းပေါင်း (၄၈)ကျောင်းအား ယာယီပိတ်ထားခဲ့ရာ ယခုအခါမြစ်ရေကျဆင်းခြင်းတို့ကြောင့် အဆိုပါ ကျောင်းများအနက် အခြေခံပညာအလယ်တန်းအဆင့်ကျောင်း(၁)ကျောင်းနှင့် မူလတန်းအဆင့် ကျောင်း(၆)ကျောင်း၊ စုစုပါင်းကျောင်း(၇) ကျောင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများက မြစ်ရေတက်ပြီး ကျောင်းဝင်းအတွင်း ရေများဝင်ရောက်ရာ၌ ကျန်ခဲ့သည့် ရွှံ့၊ နွံများ၊ အမှိုက်သရိုက်များအား စုပေါင်းရှင်းလင်းခြင်းများအား ဆောင်ရွက်ခဲ့ပြီး ဩဂုတ်လ(၅)ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ကြသည်။
အဆိုပါ ကျောင်း(၇)ကျောင်းအား ယာယီပိတ်ထားခဲ့သည့် ရက်များအတွက် အပတ်စဉ် စနေ/တနင်္ဂနွေ၊ အဖိတ်/ဥပုဒ်နေ့တိုင်း အစားထိုးပြန်လည်ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ပြန်လည်ဖွင့်လှစ်ရန်ကျန်ရှိသည့် အခြေခံပညာကျောင်းပေါင်း (၄၁)ကျောင်း ရှိနေသေကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)