ငဖဲ ဩဂုတ် ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စိုက်ပျိုးရေးညှိနှိုင်းကြီးကြပ်မှုကော်မတီ၏ ဦးဆောင် ကြီးကြပ်မှုဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကျေးရွာအုပ်စုများတွင် ဆီထွက်သီးနှံ မိုးနေကြာ စိုက်ဧက (၄၄၇) ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ရာ နေကြာသီးနှံများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
နေကြာသီးနှံစိုက်ပျိုးရာတွင် ကျေးရွာအုပ်စု (၁၅) အုပ်စုမှ တောင်သူများ၏ ယာမြေများ၌ အထွက်နှုန်းကောင်းမွန်သည့် ဆင်းရွှေကြာ-၂ မျိုးနှင့် အပင်ပေါက်ရာခိုင်နှုန်းမြင့်မားပြီး အပင်သန်စွမ်း ကောင်းမွန်သည့် ရေဆင်းစပ်မျိုး-၁ မျိုးများကို (၄၁၉) ဧက စိုက်ပျိုးရန်လျာထားရာ ယနေ့ထိ သီးသန့် စိုက်ဧက (၃၆၂) ဧကနှင့် သီးညှပ် (၈၅) ဧက စုစုပေါင်း (၄၄၇) ဧကကို ဒေသတွင်းစားသုံးဆီ ဖူလုံစေရေးအတွက် လျာထားချက်ထက် ပိုမိုစိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်းနှင့် ယခင်နှစ်က မိုးသီးနှံနေကြာ (၄၁၉) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်း (၁၆.၇၇) တင်း ထွက်ရှိကြောင်း သိရသည်။
ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လိုအပ်သော မျိုးကောင်းမျိုးသန့်များ ရရှိနိုင်ရေးအတွက် ဆင်းရွှေကြာ-၂ (၄၅) ဧကနှင့် ရေဆင်းစပ်မျိုး-၁ (၁၀) ဧကစုစုပေါင်း မျိုးစေ့ထုတ် (၅၅) ဧက စိုက်ပျိုးထားရှိကြောင်း၊ တောင်သူများအနေဖြင့် ဆီထွက်သီးနှံမိုးနေကြာ အပင်ကြီးထွားဖြစ်ထွန်းရေး၊ အပွင့်အရွယ်အစားကြီးမားစေရေး၊ အစေ့အဆံ အောင်မြင်စေရေးတို့အတွက် လိုအပ်သော သွင်းအားစုများ စနစ်တကျထည့်သွင်းပေးရေး၊ အပင်ပြုစုစောင့်ရှောက်ရေးနည်းစနစ်များနှင့် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်သိန်းနှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက် သိရသည်။
မယု(ငဖဲ)