ပေါက်ခေါင်း ဩဂုတ် ၆
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် တောင်သူများ၏ လယ်ယာမြေများတွင် စိုက်ပျိုးထားရှိသော ဆီထွက်သီးနှံမိုးမြေပဲနှင့်မိုးနှမ်း (၅၄၅၀၇)ဧကကို ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆီထွက်သီးနှံများကို တောင်သူများ၏ လယ်၊ ယာမြေများတွင် မေလလယ်ခန့်ကစတင်စိုက်ပျိုးခဲ့ရာ ယခုအခါ တောင်သူများစိုက်ပျိုးထားသည့် မိုးနှမ်းများနှင့် မြေပဲစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ “ခုလကုန်လောက်ဆိုစရိတ်မယ် နှမ်းကရိတ်ပြီး မှည့်အောင်စုပုံပြီး အုပ်ထားပေးထားရပါတယ် ပြီးတော့မှ ဖိုခနောင့်ဆိုင်ထောင် နေလှမ်းရပါတယ် နောက်ဆုံးမှာတော့ နှမ်းခါတဲ့အဆင့်ရောက်ပီ၊ ပြီးခဲ့တဲ့နှစ်ပေါက်ဈေးကတော့ နှမ်းတစ်တင်းကို ကျပ်တစ်သိန်းကျော်ဈေးရပါတယ်၊ ခုနှစ်က နှမ်းစိုက်တောင်သူတွေ ပိုးမွှားကင်းပြီး အောင်မြင်ဖြစ်ထွန်းကြပါတယ် ဈေးကောင်းရမယ်လို့လည်း မျှော်လင့်ပါတယ်” ဟု တာကောက်ကျေးရွာ မိုးနှမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။ ပေါက်ခေါင်းမြို့နယ်တွင် မိုးမြေပဲ(၁၅၃၄၃)ဧကနှင့် မိုးနှမ်း(၃၉၁၆၄)ဧက စုစုပေါင်း(၅၄၅၀၇)ဧကကို စိုက်ပျိုးထားရှိပြီး၊ စိုက်ခင်းများမှာလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ အထွက်နှုန်းကောင်းစေရန်နှင့် စိုက်ပျိုးနည်းစနစ်မှန်ကန်စေရန် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက စိုက်ခင်းများအရောက်ကွင်းဆင်း၍ လိုအပ်သည်များကို နည်းပညာပေးပြောကြားခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး၊ ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)