မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၄/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

တောင်တွင်းကြီး သြဂုတ် ၆

ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၄/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၇) နာရီက မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ အမှတ်(၇) စစ်အခြေခံလေ့ကျင့်ရေးတပ်တွင် ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင့်၊ အနောက်ပိုင်းလေတပ် ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ စစ်ရေးပြကွင်း၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင့်နှင့် တာဝန်ရှိသူများက နိုင်ငံတော်အလံအား အလေးပြုကြပြီး အမှတ်(၇)၊ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ကျောင်းအုပ်ကြီး  ဗိုလ်မှူးကြီး ကျော်သန်းဆွေက သင်တန်းသားများအား ပြည်သူ့စစ်မှုထမ်းသင်တန်း သင်တန်းတက်ရောက်ရမည့်ကာလ၊ စစ်မှုထမ်းနေစဉ်အတွင်း အကျိုးခံစားခွင့်များ၊ နိုင်ငံသားတိုင်း အသက် (၁၈) နှစ်ပြည်ပြီးပါက နိုင်ငံတော်ကိုကာကွယ်ရန် စစ်မှုထမ်းရသည့်အတွက် ဂုဏ်ယူစရာတစ်ခုဖြစ်ကြောင်းနှင့် နိုင့်ငံသားကောင်းဖြစ်အောင် တာဝန်ထမ်းဆောင်ပေးကြရန်၊ လေ့ကျင့်သင်ကြားပေးသည့် အခြေခံစစ်ပညာရပ်များကို ကျွမ်းကျင်စွာ တက်မြောက်ရန်နှင့် စိတ်ဓာတ်ကြံ့ခိုင်သည့် စစ်သည်ကောင်းတစ်ယောက် ဖြစ်လာစေရေး ကြိုးစားလေ့ကျင့်ကြရန် လိုအပ်ကြောင်း၊ စစ်မှုထမ်းကာလ ပြီးဆုံးသွားလျှင် စစ်သည်ကောင်းတစ်ယောက်၏ အကျိုးခံစားခွင့်များနှင့် ပြင်ပအလုပ်အကိုင်များတွင် ရရှိနိုင်မည့် အကျိုးခံစားခွင့်များ စသည့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းခန်းမတွင် သင်တန်းသားများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင့်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းတို့က အားပေးစကား အသီးသီးပြောကြားခဲ့ကာ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများနှင့်အတူ နံနက်စာသုံးဆောင်ခဲ့သည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၄ /၂၀၂၄) တွင် မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးမှ သင်တန်းသား စုစုပေါင်း (၂၃၂) ဦးအား  ၃ လကြာ လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)