ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော စပါး (၁၅၀၂၉) ဧက ရိတ်သိမ်းပြီးစီး

ပွင့်ဖြူ ဩဂုတ် ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော စပါး (၁၅၀၂၉) ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် စပါး (၃၁၂၈၇) ဧက လျာထားစိုက်ပျိုးခဲ့ရာ (၂၃၆၆၈) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရကာ အဆိုပါ စပါးစိုက်ခင်းများကို ယခုနှစ် ဇူလိုင်လမှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့ထိ စပါး (၁၅၀၂၉) ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်းနှင့် တစ်ဧက စပါး (၉၈) ဒသမ (၄၇)  တင်းခန့် ထွက်ရှိကြောင်း သိရသည်။

“ပွင့်ဖြူမြို့နယ်မှာ နွေသီးနှံစိုက်ပျိုးရာသီက စပါး (၂၃၆၆၈) ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ယခု ဇူလိုင်လဆန်းကစပြီး နွေစပါးစိုက်ခင်းများကို စတင်ရိတ်သိမ်းခြွေလှေ့ခဲ့ရာ ယနေ့ထိ (၁၅၀၂၉) ဧက ရိတ်သိမ်းပြီးစီးသွားပြီဖြစ်ပါတယ်။ နွေစပါး စိုက်ပျိုးတောင်သူတွေကို သီးနှံအထွက်နှုန်း လျော့နည်းမှု မရှိစေရေးအတွက် အချိန်မီ ရိတ်သိမ်းခြွေလှေ့နည်းစနစ်များ၊ ရိတ်သိမ်းပြီး စပါးများကို အမိုးအကာအောက် အချိန်မီ ရောက်ရှိစေဖို့နဲ့ မျိုးကောင်းမျိုးသန့် ထားသိုထိန်းသိမ်းနည်းစနစ်များကို အသိပညာပေး ဆောင်ရွက်ထားပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

ပွင့်ဖြူမြို့နယ်၌ နွေစပါးစိုက်ပျိုးခြင်းကို ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေ၊ လျှပ်စစ်ဓာတ်အား တွဲဖက်အသုံးပြု ဆိုလာရေတင်စနစ်၊ မြေအောက်ရေတို့ဖြင့် စိုက်ပျိုးကြပြီး သီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ လုံလောက်စွာ ရယူသုံးစွဲနိုင်ရန် သက်ဆိုင်ရာဌာနများက ရေလက်တံမြောင်းများမှ တစ်ဆင့် လယ်ယာစိုက်ခင်းများအရောက် စနစ်တကျဖြန့်ဝေပေးလျက်ရှိသဖြင့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)