တောင်သူများ ဓာတ်မြေသြဇာစနစ်တကျကျွေးမွေးခြင်းကို သိရှိစေရေး ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ရောစပ်ကြဲပက်သရုပ်ပြ

ဖြူး သြဂုတ် ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး၊ မြေသြဇာစနစ်တကျ နှုန်းထားမှန်ကန်စွာကျွေးမွေးနိုင်ရေး၊ အချိန်ကိုက်သုံးစွဲနိုင်ရေးနှင့် မြင့်မားသောအထွက်နှုန်းစွမ်းရည်ကို သိရှိနိုင်စေသည့် အကျိုးကျေးဇူးများရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက မင်းဂံရိုးကျေးရွာအုပ်စု၊ မင်းဂံရိုးကျေးရွာ တောင်သူဦးဗီဂျေး၏ ကွင်းအမှတ်၂၆၂/ဂ ဆင်းသုခမိုးစပါး(၁၀)ဧကစိုက်ခင်းတွင် ဓါတ်မြေသြဇာနှင့် သဘာဝမြေသြဇာကြဲပက်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းဓာတ်မြေသြဇာကြဲပက်ပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဓာတ်မြေသြဇာ စနစ်တကျသုံးစွဲနည်းများ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေသည့် နည်းလမ်းများ၊ သဘာဝမြေသြဇာများ သုံးစွဲခြင်းဖြင့် အထွက်နှုန်းကောင်း၍ ကုန်ကျစရိတ်သက်သာသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း တောင်သူများသိရှိစေရေး အသိပညာပေးရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးညှိနှိုင်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများက ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာရောစပ်ကြဲပက်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)