မိုးညို ဩဂုတ် ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ အ.လ.က(ခွဲ)တောင်ပိုင်းကျောင်း၌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်း ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်နွဲ့နွဲ့ဝင်းက သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်ရန်အချက်များ၊ ပြင်းထန်တဲ့သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ၊ သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကြားကိုက်ခြင်းမှ ဖြစ်ပေါ်သည့်အတွက် ခြင်ကောင်ဖြစ်မှနှိမ်နင်းခြင်းထက် ပိုးလောက်လမ်းဘဝတွင် နှိမ်နင်းခြင်းက ပိုမိုထိရောက်ကြောင်း၊ ကျောင်းသားအရွယ်ကလေးငယ်များ သွေးလွန်တုပ်ကွေးဖြစ်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက်ပြသကြရန် အသိပညာပေးပြောကြားသည်။ ဆက်လက်၍ ကျန်းမာရေးဆရာမ ဒေါ်သူဇာညိုက ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရန်အချက်များအားလည်းကောင်း၊ ကျန်းမာရေးဆရာမ ဒေါ်နှင်းရည်ဝေက စနစ်မှန်သွားတိုက်နည်းကို လက်တွေ့ပြသပေးခြင်းနှင့် ကလေးများ၏ ခန္ဓာကိုယ်အားကြည့်ရှုစစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ကူညီဆောင်ရွက်ပေးခဲ့ပြီး အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကျောင်းသား/သူကလေးများအား အာဟာရမုန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)