သာယာဝတီမြို့နယ်၌ လူငယ်များဗလငါးတန်နှင့်ပြည့်စုံစေရေး လူငယ်စကားဝိုင်းကျင်းပ

သာယာဝတီ သြဂုတ် ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပခဲ့​သည်။

ရှေးဦးစွာ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဆိုတဲ့အတိုင်း ဗလငါးတန်ဖြစ်သည့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလတွေနှင့် ပြည်စုံနေဖို့လိုအပ်ပါကြောင်း၊ ယခုလို လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် လူငယ်များ အသိပညာဗဟုသုတများစွာ ရရှိလာမည်ဖြစ်သလို ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း အစဉ်လေ့လာသင်ယူပြီး အများအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးထမ်းရွက်နိုင်သည့် လူငယ်လူရွယ်များ ဖြစ်လာသည်အထိ ကြိုးစားအားထုတ်ကြပါရန် အမှာစကားပြောကြားပြီး ကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်ပညာရေးမှူးဦးဝင်းနိုင်က လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲအားကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိအောင်၊ တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် အ.ထ.က(၂)ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်အိရွှေစင်နှင့် ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာ အစရှိသည့်ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား‌ပေးခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)