နတ်မောက် ဩဂုတ် ၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးစိုက်သီးနှံများဖြစ်သည့် နှမ်းလျင်၊ ပင်ထောင်မြေပဲ၊ သီးညှပ်သီးနှံနေကြာနှင့် ပဲစင်းငုံသီးနှံများ စိုက်ပျိုးခဲ့ရာ မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် အစိုဓာတ်လုံလောက်မှုမရှိ၍ နှမ်းလျင်၊ ပင်ထောင်မြေပဲများ ဖြစ်ထွန်းမှုအားနည်းခဲ့ကြောင်း စိုက်ပျိုးသူများထံက သိရသည်။ ဆီထွက်သီးနှံများဖြစ်သည့် နှမ်းလျင်နှင့် ပင်ထောင်မြေပဲသီးနှံများသည် အပင်ဖြစ်ထွန်းရမည့် သက်တမ်းကာလတွင် မိုးရွာသွန်းမှုနည်းပါးကာ မိုးရေမလုံလောက်သဖြင့် အောင်မြင်ဖြစ်ထွန်းမှုမှာ ထက်ဝက်ခန့်ကျဆင်းနေကြောင်း၊ ဇူလိုင်လ (၁၉) ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းခဲ့ခြင်းကြောင့် ပင်ထောင်မြေပဲ အပင်များ ရှင်သန်လာကာ ပေါင်းစွယ်ပွင့်များပေါက်လာ၍ တောင်သူများအနေဖြင့် အစွယ်ချဆေး (ရွှေခြေင်္သ့) ပက်ဖျန်းနေကြကြောင်း၊ နှမ်းလျင်အထွက်နှုန်းကျဆင်းနိုင်သဖြင့် ဂျောင်းစနစ်ဖြင့် ကျဲထားသော နှမ်းခင်းများ အတွင်းသို့ ဝါဆိုမြေပဲများ(သုံးလပဲ) ပင်ထောင်မြေပဲများ ထပ်မံစိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ကြူအိုင်ကျေးရွာမှ ကိုသာဂိကပြောသည်။
မူမူစန်း