ကဝမြို့နယ်တွင် ရေကြီးနစ်မြှုပ်မှုများကြောင့် ယာယီကယ်ဆယ်ရေးစခန်း(၁၀)ခုသို့ ပြောင်းရွှေ့နေထိုင်သူများအား ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်

ကဝ ဩဂုတ် ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ရေကြီးနစ်မြှုပ်မှုများကြောင့် ယာယီကယ်ဆယ်ရေးစခန်း(၁၀)ခုသို့ ပြောင်းရွှေ့နေထိုင်သူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူးဦးစီးဌာနမှ ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွှဲ(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ရေကြီးနစ်မြှုပ်မှုများကြောင့် နဘဲပင်ကျေးရွာအုပ်စု၊ အုန်းနှဲကျေးရွာအုပ်စု၊ သက္ကလမြို့နှင့် သာယာကုန်းကျေးရွာအုပ်စုတို့တွင် အိမ်ထောင်စု (၃၁၉)စု၊ လူဦးရေ(၁၂၈၆)ဦးတို့သည် ယာယီကယ်ဆယ်ရေးစခန်း (၁၀)ခုသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရပြီး ရေဘေးသင့်ပြည်သူများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူးဦးစီးဌာနမှ ဆန်ရိက္ခာဖိုးငွေ တစ်ဦးလျှင် (၂၁၀၀)ကျပ်နှုန်းဖြင့် (၁၂၈၆)ဦးအတွက် (၂၇၀၀၆၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲဇော်ဟိန်း (ပြန်/ဆက်)