စေတုတ္တရာ ဩဂုတ် ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ဩဂုတ်လ (၂) ရက်နေ့၊ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စေတုတ္တရာ ငဖဲပဒါန်းသွားကားလမ်း မိုင်တိုင်အမှတ် (၂၄/၄) နှင့် (၂၄/၅) ကြားရှိ ဒုံချောင်းရေကျော် နေရာတွင် ရေတိုက်စားပြီး ကားလမ်းယိုယွင်းပျက်စီးမှုဖြစ်ပွားခဲ့ရာ ယနေ့တွင်လည်း အမြန်ဆုံးပြန်လည် ပြုပြင်ခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စေတုတ္တရာ-ငဖဲ-ပဒါန်းသွားကားလမ်း မိုင်တိုင်အမှတ် (၂၄/၄) နှင့် (၂၄/၅) ကြားရှိ ဒုံချောင်းရေကျော်နေရာတွင် ကတ္တရာကားလမ်း (ချဉ်းကပ်လမ်း) အရှည် (၁၂၀) ပေ၊ အကျယ် (၁၂) ပေခန့် ချောင်းရေတိုက်စားပြီး ယိုယွင်းပျက်စီးသွားခဲ့ရာ ချောင်းရေတိုက်စားမှုကြောင့် ယိုယွင်းပျက်စီးသည့် ကတ္တရာလမ်းပိုင်းအား ချောင်းရေကျပြီးဖြစ်၍ မင်းဘူးမြို့လမ်းဦးစီးဌာန၊ တည်ဆောက်ရေး(၂)၊ လမ်းဆောက်လုပ်ရေးစီမံကိန်းအထူးအဖွဲ့ (၁၁) မှ ဩဂုတ် (၄) ရက်မှ စတင်ကာ (၆) ရက်နေ့တွင်လည်း ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ၊ ယာဉ်များဖြတ်သန်းရာတွင် အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)