ဘိုကလေးမြစ်ရေပြင်အတွင်း မြစ်သဲလုပ်ငန်းလုပ်ပိုင်ခွင့် လျှောက်ထားမှုအပေါ် ကွင်းဆင်းစစ်ဆေး

ဘိုကလေး ဩဂုတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးမြစ်ရေပြင်အတွင်း၌ မြစ်သဲစုပ်ယူရောင်းချခြင်းလုပ်ငန်းလုပ်ပိုင်ခွင့်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ သဲလုပ်ငန်းရှင်များက လျှောက်ထားမှုများရှိရာ ယနေ့နံနက်(၈)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့်အဖွဲ့က လျှောက်ထားလာသည့် လုပ်ကွက်နေရာများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် လုပ်ပိုင်ခွင့်များအား ခွင့်ပြုပေးနိုင်ရေးအတွက် ဘိုကလေးမြစ်ရေပြင်အတွင်းရှိ သဲလုပ်ကွက်နေရာများအား ကြည့်ရှုစစ်ဆေးခြင်း၊ လျှောက်ထား လာသည့် လုပ်ကွက်နေရာများသည် သဲစုတ်ယူခြင်းဖြင့် မြစ်ရေတိုက်စားမှုနှင့် မြစ်ကမ်းပါး အား ထိခိုက်မှု ရှိ/မရှိစစ်ဆေးခြင်း၊ မြစ်ကမ်းပါးနှင့် သတ်မှတ်အကွာအဝေးရှိ/မရှိ စစ်ဆေးခြင်း၊ မြစ်ရေအတိမ်၊ အနက်စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး မြစ်သဲစုပ်ယူလုပ်ပိုင်ခွင့် လျှောက်ထားခြင်းများအား ခွင့်ပြုပေးနိုင်ရေးလိုအပ်သည်များကို သဲလုပ်ငန်းရှင်များအား လမ်းညွှန်မှာကြားမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)