စေတုတ္တရာမြို့နယ်တွင် ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများဆောင်ရွက်

စေတုတ္တရာ ဩဂုတ် ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ အာဟာရဖွံ့ဖြိုး​​ရေး ရက်သတ္တပတ်များ လှုပ်ရှားမှုကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့နံနက်ပိုင်း (၁၀) နာရီက ကျင်းပသည်။

ရှေးဦးစွာ စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကိုကိုဇင်က အာဟာရရက်သတ္တပတ်များတွင်​ ဆောင်ရွက်မည့် လုပ်ငန်းများ အကြောင်းကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်က အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများတွင် ကျောင်းအခြေပြုလူငယ်များ အာဟာရဖွံ့ဖြိုးရေး လှုပ်ရှားမှုလုပ်ငန်းစဉ်များ အကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန ဆရာမများက အာဟာရရက်သတ္တပတ်လှုပ်ရှားမှု သြဂုတ်လ ပထမအပတ်အဖြစ် မိခင်နို့စနစ်တကျတိုက်ကျွေးစေရန် အသိပညာပေးခြင်း၊ လက်တွေ့သရုပ်ပြသခြင်း၊ မိခင်အချင်းချင်း တွေ့ဆုံစကားဝိုင်းများ ဖန်တီးပေးခြင်းနှင့် ကျန်းမာရေးအလေ့အကျင့်ကောင်းများကို မိခင်များကိုယ်တိုင် ဆောင်ရွက်တတ်စေရန် ပံ့ပိုးဆောင်ရွက်ပေး၍ အဆိုပါ အာဟာရရက်သတ္တပက်လှုပ်ရှားမှု ကျင်းပရာတွင် မြို့နယ်ပညာရေးမှူး၊ ကျောင်းဆရာ၊ ဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ လူမှုကူညီရေးအသင်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)