မင်းဘူး ဩဂုတ် ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကြီးကို ယခုလအတွင်း မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေး ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး(၄)ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြည်ထောင်စုအဆင့်ပွဲတော်ကျင်းပရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များကို ဦးစွာရှင်းလင်းပြောကြားပြီး၊ မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်ခိုင်ဦးက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က ပွဲတော်ကျင်းပရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းစီမံချက်များ၊ ပွဲတော်ကျင်းပရေးကော်မတီအဆင့်ဆင့်နှင့် ပူးပေါင်းရွက်ရမည့်လုင်ငန်းကိစ္စရပ်များ၊ သက်ဆိုင်ရာဌာနများကကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရမည့်အခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာသော ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပွဲတော်ကျင်းပရေးကော်မတီ အဖွဲ့ဝင်များ၏ ဆောင်ရွက်ရမည့်လုပ်ငန်းများအား တင်ပြမှုအပေါ်တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကာ အခြေခံပညာကျောင်းများနှင့် ပူးပေါင်းကျင်းပမည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဩဂုတ်လ ဒုတိပတ်အတွင်း ကျင်းပပြုလုပ်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါပွဲတော်တွင် ကျပန်းစကားပြော၊ စာစီစာကုံး၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများအပြင် စာဖတ်ဝိုင်းများ၊ ထူးချွန်ထင်ရှား မကွေးတိုင်းသားများ ပြခန်း၊ လှပသာယာပြည်မြန်မာ ရောင်စုံဓါတ်ပုံပြခန်း၊ ဌာနဆိုင်ရာပြခန်းများ၊ ကျောင်းစာကြည့်တိုက်ပြခန်း၊ သိပ္ပံနှင့် နည်းပညာပြခန်းများ၊ စာအုပ်အရောင်းဆိုင်များ၊ ဂိမ်းကစားနည်းပြိုင်ပွဲမျိုးစုံ၊ စာပေဟောပြောပွဲများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်မှ) ခင်းကျင်းပြသမည့် စာအုပ်ပြခန်းများအပြင် ဧည့်ခံဖျော်ဖြေပွဲများဖြင့် ကဏ္ဍအစုံအလင်ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း “ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်”ကို ၁၀ ကြိမ်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ရာ မင်းဘူးခရိုင်အနေဖြင့် မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာ ကျောင်းနှင့် စကုမြို့ အခြေခံပညာအထက်တန်းကျောင်းတို့တွင် နှစ်ကြိမ်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)