တောင်ငူ ဩဂုတ် ၆
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းတပ်နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၄/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ယမန်နေ့၊ နံနက်ပိုင်းက အုတ်တွင်းတပ်နယ်၊ နယ်မြေခံသင်တန်းကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်မည့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နယ်မြေခံသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးစကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
ဆက်လက်၍ နယ်မြေခံသင်တန်းကျောင်းခန်းမ၌ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သင်တန်းသား(၄၆၃)ဦးတို့နှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သင်တန်းသားများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ ဂုဏ်ပြုပေးအပ်ခဲ့ကြသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အုတ်တွင်းတပ်နယ်တွင် ဖွင့်လှစ်သည့် ပြည်သူ့စစ်သင်တန်းအပတ်စဉ် (၄/၂၀၂၄) အတွက် သင်တန်းသားများအတွက် တစ်ကိုယ်ရည်သုံးပစ္စည်း(၁၆)မျိုးပါ (၄၆၃)အိတ်၊ ပုဆိုး အင်္ကျီ(၄၆၃)စုံ၊ ခေါက်ဆွဲခြောက်နှင့် သီးခြားထောက်ပံ့ငွေသိန်း(၅၀)အပါ စုစုပေါင်းတန်ဖိုးငွေကျပ် (၂၃၄၈၆၂၀၀) ဂုဏ်ပြုထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)