မုံရွာမြို့၌ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကျင်းပ

မုံရွာ သြဂုတ် ၆

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသား/သမီး ဖူဆယ် အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အစိုးရအနေဖြင့် အားကစားကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အဘက်ဘက်မှ အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ မိမိတို့တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း အားကစားမူဝါဒများ အားအကောင်အထည်ဖော်နိုင်ရန်အတွက် အစွမ်းကုန်ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး ဖူဆယ် လက်ရွေးစင် အမျိုးသား/အမျိုးသမီး အားကစားသမားများအနေဖြင့် ယခင်နှစ်က အမျိုးသားအသင်းသည် ဆီမီးဖိုင်နယ်၊ အမျိုးသမီးအသင်းသည် ကွာတားဖိုင်နယ်အဆင့်အထိသာ ရောက်ရှိခဲ့သည့်အတွက် ယခုနှစ်တွင် ဆုတံဆိပ်များရရှိအောင် ကြိုးစားသွားကြရန် လိုအပ်ပါကြောင်းနှင့် ယခင်နှစ်မှအတွေ့အကြုံများအားရယူကာ မလိုလားအပ်သည့်အမှားမျိုးများ မဖြစ်အောင်ကြိုတင်ပြင်ဆင်ပြီး ပြတ်သားသည့်အရှုံး/အနိုင်ရလဒ်ပေါ်ထွက်အောင် ကြိုးစားယှဉ်ပြိုင်သွားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ပြိုင်ပွဲကျင်းပရေးကော်မတီမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများအား လေးစား လိုက်နာသွားကြရန်နှင့် မိမိတစ်ဦးချင်းအောင်နိုင်ရေး၊ မိမိတို့တိုင်းဒေသကြီး အသင်းအောင်နိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ခဲ့ကြရန် လိုအပ်ပါကြောင်း၊ အားကစားသမားများအနေဖြင့်လည်း ပြိုင်ပွဲတိုင်းအား အနိုင်မခံအရှုံးမပေးသည့် ဇွဲစိတ်ဓါတ်ဖြင့် အောင်မြင်မှုများရရှိအောင် ယခုပြိုင်ပွဲကနေကြိုးစားပြီး စည်းမျဉ်း/စည်းကမ်း ဘောင် ထဲမှတရားမျှတစွာ ကြိုးစားယှဉ်ပြိုင် ကစားသွားကြရန်နှင့် အားကစားဖြင့်နိုင်ငံ့ဂုဏ်အား မြှင့်တင်နိုင်သည့်  နိုင်ငံဂုဏ်ဆောင် ကစားသမားကောင်းများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်သွားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး အမျိုးသား/သမီး ဖူဆယ် အသင်းနည်းပြများနှင့်အသင်းအုပ်ချုပ်သူတို့ထံ ဂုဏ်ပြုထောက်ပံ့ငွေကျပ် ၁၂၉၈၇၀၀၀(တစ် ရာနှစ်ဆယ့်ကိုးသိန်းရှစ်သောင်းခုနှစ်ထောင်ကျပ်)နှင့် အောင်နိုင်ရေးအလံတို့အား ပေးအပ်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အမျိုးသား/သမီးဖူဆယ်အသင်း အုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမည့် အခြေအနေများအား ရှင်းလင်းပြေကြားပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး အမျိုးသား/သမီး ဖူဆယ်အားကစားသမားများ၊ အသင်းနည်းပြများနှင့်အုပ်ချုပ်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)