နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

တောင်ငူ သြဂုတ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ နည်းပညာတက္ကသိုလ် (တောင်ငူ)တွင် တောင်ငူခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် နည်းပညာတက္ကသိုလ်(တောင်ငူ)တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းကို သြဂုတ် ၃ ရက်နေ့မှစတင်၍ ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က ဘွဲ့နှင်းသဘင်ခန်းမ၌ သင်တန်းဆင်းပွဲကျင်းပသည်။

ထိုသို့သင်တန်းဆင်းပွဲကျင်းပရာတွင် တောင်ငူခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမိုးမြင့်က သင်တန်းဆင်းအမှာစကားပြောကြားပြီး ကြက်ခြေနီဆေးပုံးနှင့် အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ရာ သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသူ()ဦးမှ လက်ခံရယူသည်။

ထို့နောက် သင်တန်းသူတစ်ဦးမှ သင်တန်းတက်ရောက်ခဲ့သော အတွေ့အကြုံ၊ အကျိုးကျေးဇူးနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ယင်းနောက် တောင်ငူခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ခရိုင်တပ်ဖွဲ့မှူး ဒေါ်မြင့်မြင့်အေးက သင်တန်းသူ၊ သင်တန်းသားများအား သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်က အမှတ်တရလက်ဆောင်ပစ္စည်းပြန်လည်ပေးအပ်ကာ အခမ်းအနားအား ရုတ်သိမ်းသည်။

အဆိုပါသင်တန်းတွင် နည်းပညာတက္ကသိုလ်(တောင်ငူ)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၇၉)ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်းကိုပြုစုခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ မူးမေ့ခြင်းနှင့် သတိလစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများကိုက်ခြင်းနှင့် တုပ်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ရိုးဆက်ကြောနှင့် ကြွက်သားများ ထိခိုက်ဒဏ်ရာရခြင်း၊ လူနာကိုင်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်း၊ အခြေခံအသက်ကယ်အထောက်အကူပြုနည်းတို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)