မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် အမျိုးသမီးများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့်စီမံကိန်း တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု (Bakery & Snack) နည်းပညာသင်တန်း(မွမ်းမံ) ဆင်းပွဲအခမ်းအနား တက်ရောက်

မကွေး ဩဂုတ် ၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အမျိုးသမီးများဝင်ငွေတိုးရေး ဆောင်ရွက်မည့်စီမံကိန်းတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု(Bakery & Snack) နည်းပညာသင်တန်း(မွမ်းမံ) ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါရုံး သင်တန်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးအတွက် နည်းပညာပံ့ပိုးပေးခြင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ လုပ်ငန်းမှတ်ပုံတင်ပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ပေးခြင်းများ၊ သုတေသန တီထွင်စမ်းသပ်ခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချပေးသည့် ပညာရပ်များအပြင် ထပ်မံလေ့လာပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်ကာ အောင်မြင်တဲ့ လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က သင်တန်းဆင်းလက်မှတ်များနှင့် ထူးချွန်သင်တန်းသား()ဦးအား ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲခွင့်ပေးသည့် ပစ္စည်းများကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စုစုခိုင်က သင်တန်းထွက် ကုန်ချောပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် တာဝန်ရှိသူများသည် သင်တန်းသူများ ကိုယ်တိုင်ပြုလုပ်ထားသည့် မုန့်အမျိုးမျိုးနှင့် သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး အဆိုပါ စားသောက်ကုန်ထုတ်လုပ်မှု (Bakery & Snack)နည်းပညာ သင်တန်း(မွမ်းမံ)တွင် သင်တန်းသူ(၁၅)ဦးအား သင်တန်းနည်းပြများက Cookie အမျိုးမျိုး၊ နံကထိုင်အမျိုးမျိုး၊ ဒိုးနပ်အမျိုးမျိုး၊ ကိတ်ခြောက်၊ ကိတ်မုန့်အမျိုးမျိုး၊ ပေါင်မုန့်အမျိုးမျိုး၊ ပဲချောင်း၊ ပဲခွေ၊ အီလည်လည်မုန့်၊ ခါကြာသေးပြုလုပ်နည်း စသည်တို့ကို မကွေးမြို့နယ် ကံသာကြီးကျေးရွာတွင် ဇူလိုင်လ ၂၉ ရက်နေ့မှ ဩဂုတ်လ ၄ ရက်နေ့အထိ တစ်ပတ်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)