စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကျော် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၂/၂၀၂၄) သင်တန်းပို့ချနေမှုအား သွားရောက်ကြည့်ရှုအားပေး

မုံရွာ သြဂုတ် ၆

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့ ပူးပေါင်းကျင်းပသည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၄)သင်တန်းအား ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(အလုံ)ရှိ ရွှေလုံခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသား/သူများအနေဖြင့် သင်တန်းမှဟောပြောပို့ချသွားမည့် ဥပဒေအသိပညာများအား အလေးထားလိုက်နာမှတ်သားသွားကြရန်နှင့် မိမိတို့ ကိုယ်တိုင် နားလည်သိရှိသွားသည့် ဥပဒေအသိပညာများအား မိမိပတ်ဝန်းကျင်၊ အသိမိတ်ဆွေ များနှင့် မိသားစုများအား ပြန်လည်ဆွေးနွေးပြောကြားသွားကြရန် လိုအပ်ပါကြောင်း၊ ဟောပြော ပို့ချမည့် တာဝန်ရှိသူများမှလည်း သင်တန်းသား/သူများ နားလည်မှတ်သားလွယ်ကူအောင် ဟောပြောပို့ချသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း သင်တန်းအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ယင်းနောက် တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတို့က ဥပဒေအသိပညာပြန့်ပွားရေး လုပ်ငန်းများအား ရှင်းလင်းပြောကြားကြသည်။

ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းပို့ချနေမှုအား ကြည့်ရှု အားပေးခဲ့ကြပြီး သင်တန်းသား/သူများ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါသင်တန်းတွင် တရားစီရင်ရေးအကြောင်း သိကောင်းစရာ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ အကြမ်းဖတ်မှုတိုက်ဖျက်ရေးဥပဒေနှင့် ရာဇသတ်ကြီး ၅၀၅-က၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသာ ဆေးဝါးများဆိုင်ရာဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ဘာသာရပ်များအား သြဂုတ်လ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ သင်တန်းသား/သူ ၁၅၀ ဦးအား ဟောပြောပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)