ကျောင်းကုန်းမြို့နယ် စီးပွားရေးလုပ်ငန်းရှင်များမှ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့

ကျောင်းကုန်း ဩဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အေးချမ်းသာယာခန်းမ၌ ‌မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများ ကူညီနိုင်ရေး အလှူငွေပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း က မြို့နယ်အတွင်း ရေဘေးရှောင်စခန်း (၂၈) ခုရှိပြီး၊ အိမ်ခြေ (၁၆၉၇) ၊ အိမ်ထောင်စု (၁၆၉၇) စု၊ လူဦး ရေ (၆) ထောင်ကျော်အား ကူညီထောက်ပံ့ပေးဖို့ ဖြစ်ကြောင်း ပြေကြားခဲ့ပြီး၊ မြိုနယ်စီမံအုပ် ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးတင်မောင်က ကာလ ဒါနအလှူဖြစ်တဲ့အတွက် ဝိုင်းတန်းကူညီလှူဒါန်းပေးကြဖို့ ပြောကြားခဲ့သည်။

ထို့နောက် အလှူငွေများ ပေးအပ်လှူဒါန်းရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ငွေကျပ် (၁၁) သိန်း၊ "ရွှေပုဏ္ဏမီ"ရွှေဆိုင်မှ ငွေကျပ် (၁၀) သိန်း၊ T S စက်သုံးဆီဆိုင်မှ ငွေကျပ် (၅) သိန်း၊ "နှလုံးအိမ်"ဆေးကုခန်းမှ ငွေကျပ် (၅) သိန်းနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ (၄) သိန်း၊ (၃) သိန်း၊ (၂) သိန်း၊ (၁) သိန်းအပါအဝင် အလှူရှင် (၁၀၆) ဦးမှ စုစုပေါင်းငွေကျပ် (၁၃၁) သိန်းကျော်၊ ဆန်(၇) အိတ်နှင့်"သိန်းကမ္ဘာ"မုန့်(၁၀)ပုံးတို့ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင် (ပြန်/ဆက်)