မြောင်းမြောင်းမြမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

မြောင်းမြ သြဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အ.မ.က(သူဌေးကုန်း)ကျောင်းတွင် ကျောင်းသား/သူများ ကျောင်းစာအပြင် အခြားအထွေထွေဗဟုသုတနှင့်စာဖတ်သည့် အလေ့‌အထများ ရရှိစေရန်ရည်ရွယ်၍ ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်၊ စာစောင်ပြပွဲများနှင့် ဉာဏ်ရည်မြှင့် ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၁:၀၀)နာရီအချိန်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ အ.မ.က(သူဌေးကုန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန့်ဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆင်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က ဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ “စာပေသည်သာအခရာ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများကိုကျင်းပခဲ့ရာ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါဟောပြောပွဲနှင့် ပြိုင်ပွဲများအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ် စာစောင်များနှင့် စာအုပ်၊ စာစောင်များအား ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေဝေမြင့်(မြောင်းမြ)