လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းနှင့်စာအုပ်စာစောင်ပြပွဲ ပြုလုပ်

လိပ်သို ဩဂုတ် ၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များ နှင့်ပူးပေါင်း၍ စာရေးဆရာကြီးရွှေဥဒေါင်း ရေးသားသော “အကြံဉာဏ်ဖြင့်ကြီးပွားရေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့်စာအုပ်စာစောင်ပြသခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို မျှဝေဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင်ဗဟုသုတတိုးပွားစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်ဂျီသက်ဝေဖြိုးက အခန်း(၁) “အောင်မြင်ခြင်း၏အခြေခံဖြစ်သော တရားကြီးပွားရေးအတွက်ပထမခြေလှမ်း” ခေါင်းစဉ်မှ “လောက၌ အကြီးအကျယ်ထမြောက်အောင်ခြင်ခြင်းဟူသမျှတို့သည် အစပထမ၌ စိတ်ကူးဉာဏ်မျှသာဖြစ်ပြီး စိတ်ကူးဉာဏ်၏တန်ခိုးသတ္တိနှင့် စိတ်ကူးဉာဏ်၏တန်ဖိုးကို ဆုံးဖြတ်ခြင်းငှာ မတတ်နိုင်ကြောင်း ” စသည့်အကြောင်းအရာများကို  ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက မိမိတို့၏အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြပြီးနောက် စာအုပ်စာစောင်ပြပွဲတွင် ခင်းကျင်းပြသထားသော ဂျာနယ်၊ ကဗျာ၊ ပုံပြင်၊ ဆောင်းပါးနှင့်ရုပ်ပြများ စသည့်သုတ/ရသစာအုပ်များကို Book Club အဖွဲ့ဝင်များနှင့် ကျောင်းသား/ ကျောင်းသူများက လေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။

 စာရေးဆရာကြီး ရွှေဥဒေါင်း ရေးသားသော “အကြံဉာဏ်ဖြင့်ကြီးပွားရေး” စာအုပ်အား ဖတ်ရှုခြင်းဖြင့် ပညာသည် ကျောင်းများတွင် သင်ကြားရသော ပညာရပ်များနေရာ၌ အစားသွင်းနိုင်သည်ဟု မဆိုလိုသော်လည်း ကျောင်းမှ သင်ကြားတတ်မြောက်ခဲ့သော ပညာကို ကြီးပွားတိုးတက်ရေးသို့မဟုတ် ငွေရမှုအတွက် ဘယ်ကဲ့သို့ အသုံးချရမည်ဟု နည်းလမ်းညွှန်ပြခြင်းဖြစ်သည်ကို သိရှိခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)