ဒေးဒရဲမြို့၌ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဒေးဒရဲ သြဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကျင်းပသည့် ဆယ်ကျော်သက်များအား မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက တော်ကျိုက်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမော်က ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတနှင့် တစ်ကိုယ်ရေကျန်းမာရေးဆိုင်ရာများကို ပိုမိုသိရှိနားလည်နိုင်စေရေးအတွက် အခြေခံပညာကျောင်းများသို့ကွင်းဆင်း၍ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ မိခင်နှင့်ကလေးများ ကျန်းမာဖွံ့ဖြိုးရေးနှင့် အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအား အသိပညာပေးဆွေးနွေးခဲ့သည်။ ဆက်လက်၍ ကျေးလက်ပြည်သူ့ကျန်းမာရေး ဆရာမ ဒေါ်လွင်လွင်အောင်က မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် လိုက်နာရမည့် ကျန်းမာရေးဗဟုသုတများကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောပွဲအပြီးတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမော်နှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား အာဟာရဒါနနှင့် စာရေးကရိယာများ ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ပြီး အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း