ချောက်မြို့နယ်၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအထိမ်းအမှတ်အခမ်းအနား ကျင်းပ

ချောက် သြဂုတ် ၅

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၂၀၂၄ခုနှစ်၊ အာဟာရဖွံ့ဖြိုး​​ရေးရက်သတ္တပတ်များလှုပ်ရှားမှုဖွင့်ပွဲအခမ်းအနားကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ချောက်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးသက်ဦးက အာဟာရရက်သတ္တပတ်များတွင်​ ဆောင်ရွက်မည့်လုပ်ငန်းများအကြောင်းကိုလည်းကောင်း၊ ခရိုင်ပညာရေးမှူး ဦးမန်းအောင်က အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများတွင် ကျောင်းအခြေပြုလူငယ်များ အာဟာရဖွံ့ဖြိုးရေးလှုပ် ရှားမှုလုပ်ငန်းစဥ်များအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျန်းမာရေးဌာနနှင့် မိခင်နှင့် ကလေးအသင်းက ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအတွက် ထောက်ပံ့သည့် အာဟာရဖွံ့ဖြိုးရေး​ထောက်ပံပစ္စည်းများကို ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင်းမာသိန်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းနွမ်ခမ်းခေါင်တို့က ပေးအပ်ရာ ကိုယ်ဝန်ဆောင်မိခင် (၆) ဦးနှင့် နို့တိုက်မိခင် (၆) ဦးတို့မှ လက်ခံရယူခဲ့သည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးမန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများ၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)