မြိတ် ဩဂုတ် ၃
တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဩဂုတ် (၂)ရက် နေ့လယ်ပိုင်းက အ.ထ.က(၁)မြိတ်၊ ပညာ့ဗိမာန်ခန်းမတွင် အခြေခံကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမများ တွေ့ဆုံခဲ့ရာ အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်း၍ အခမ်းအနား ဖွင့်လှစ်ခဲ့ကြသည်။
တွေ့ဆုံရာတွင် တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က အနန္တဂိုဏ်းဝင် ဆရာ၊ဆရာမများသည် ဆရာဝတ္တရားငါးပါးနှင့်အညီ တပည့်သားသမီးများ၏ အနာဂတ်အလင်းရောင်ကို ထွန်းညှိရှေ့ဆောင်လမ်းပြပေးနေတဲ့ မီးရှူးတန်ဆောင်များပင် ဖြစ်သလိုရပ်ရွာ၏ စံနမူနာပြပုဂ္ဂိုလ်၊ ဒေသ၏ အလေးထားရာ၊ အားကိုးအားထားပြုရာ ပုဂ္ဂိုလ်၊ ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုရာပုဂ္ဂိုလ်များ ဖြစ်ကြကြောင်း၊ ရေမြင့်မှကြာတင့်မယ်ဆိုသည့်အတိုင်း ဆရာ၊ ဆရာမများ၏ အရည်အချင်း အရည်အသွေး ပြည့်ဝမှု အပေါ်မူတည်ပြီး မိမိတပည့်သားသမီးများ၏ အရည်အချင်းမြင့်မားလာမှာဖြစ်ကာ တပည့်သည် ဆရာထက် ပိုတော်လာမှသာ အနာဂတ်နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ကြောင်းနှင့် လုပ်ငန်းလမ်းညွှန် အမှာစကား ပြောကြားသည်။
ယင်းနောက် မြိတ်ခရိုင်ပညာရေးမှူး ဒေါ်လှလှအေးက ၂၀၂၄- ၂ဝ၂၅ ပညာသင်နှစ်၏ ပညာရေး ကဏ္ဍနှင့်ပတ်သက်၍ မြိတ်ခရိုင်အတွင်းရှိ ကျောင်းအသီးသီး၌ သင်ကြား သင်ယူဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။ တွေ့ဆုံပွဲသို့ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ဆရာမများ တက်ရာက်ခဲ့ကြပြီး တွေ့ဆုံပွဲကို အ.ထ.က (၃) မြိတ် ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန် သီချင်း သီဆို၍ ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)