ပုသိမ် ဩဂုတ် ၅
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်) မိုးလုံလေလုံအားကစားရုံ(၁၂၀'×၉၀') ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကြခတ်ချောင်ကျေးရွာရှိ အဆိုပါအဆောက်အဦ ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပခဲ့သည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်အား အဆောက်အဦဆောက်လုပ်မည့်ကုမ္ပဏီမှ တာဝန်ရှိသူ များက ရှင်းလင်းဆောင်တွင် အဆောက်အဦဆိုင်ရာအချက်အလက်များ၊ ခြံစည်းရိုးကာရံခြင်းများလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ချက်များနှင့်အညီဖြစ်ရေး၊ အရည်အသွေး ပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးမှာကြားခဲ့ပြီး အဆောက်အဦ မြေနေများအားကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်သည်များမှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပန္နက်တော်တင်မည့် သတ်မှတ်နေရာများတွင်နေရာယူပြီး မင်္ဂလာအချိန်ရောက်ရှိသည်နှင့် တပြိုက်နက် ပန္နက်တော်အား(၉)ချက်စီရိုက်၍ အသီးသီးပန္နက်တော်တင်ခဲ့ကြပြီး ပန္နက်တော်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
ထို့နောက် ၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော်(၁၃)ရက် ဩဂုတ်လ(၂)ရက်၊ သောကြာနေ့ ည(၉)နာရီ မိနစ်(၂၀)တွင် ဘဝနတ်ထံပျံလွန်တော်မူသော ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရွှေရေးဆောင်ကျောင်းတိုက်ဦးစီးပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌဘဒ္ဒန္တသံဝရာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၏ ဥတုဇရုပ်ကလာပ်တော်အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖူးမြော်ကြည်ညိုခဲ့ကြသည်။
ဆက်လက်၍ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာသဘင်ဆင်ယဉ် ကျင်းပနိုင်ရေးအတွက် ဩဝါဒခံယူခြင်းနှင့် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ပြုလုပ်ရာ “နမောတဿ” (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ငါးသိုင်းချောင်း မြို့၊ ဓမ္မပါလကျောင်းတိုက် မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဩဘာသ အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက ဩဝါဒကထာနာယူ ကြည်ညိုခဲ့ကြပြီးနောက် ဆရာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာ သဘင်နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးမိသားစု၊ စေတနာရှင် အလှူရှင်များက အလှူငွေများကို ပေးအပ်လှူဒါန်းရာ သယံဇာတရေးရာဝန်ကြီး၊ သာသနာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးတို့က လက်ခံရယူခဲ့သည်။
ယင်းနောက် အခမ်းအနားသို့ ကြွရောက်တော်မူလာကြသော ဆရာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က အန္တိမအဂ္ဂိ ဈာပနသဘင် ဆင်ယင်ကျင်းပနိုင်ရေးနှင့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့ပြီးနောက် အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)