တနင်္သာရီမြို့ပေါ်၌ မြစ်ရေပြန်လည်ကျဆင်းစဉ် တင်ကျန်ခဲ့သည့် ရွံ့၊ နုန်းများကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်

တနင်္သာရီ ဩဂုတ် ၅

တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ဒုတိယရက်သတ္တပတ်မှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၃၁ ရက်နေ့ အထိ တနင်္သာရီမြို့၏ အန္တရာယ်ရေအမှတ်ဖြစ်သည့် သာမန်မြစ်ရေအထက် (၂၄)ပေကို (၇ပေ)အထိ  ကျော်လွန်၍ (၃၁)ပေအထိ မြစ်ရေကြီးမြင့်ခဲ့ပြီး ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းမှစ၍ မြစ်ရေများ  ပြန်လည်ကျဆင်းခဲ့ရာ ယနေ့ ဩဂုတ်လ ၄ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် မြစ်ရေ တိုင်းထွာချက်အရ မြို့တာရိုးအပြင်ဘက်တွင် (၁၉) ပေခန့်အထိ ပြန်လည်လျော့နည်းကျဆင်းနေကြောင်း သိရသည်။

သို့ပါ၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူး၏လမ်းညွှန်မှုဖြင့် ဩဂုတ်လ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇင်ဦးချိုနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲဖွဲ့မှ ဒုရဲအုပ်အေးကိုကိုနှင့် တပ်ဖွဲ့ဝင်များ၊ အ.ထ.က-တနင်္သာရီကျောင်းမှ ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများ အင်အား(၇၀)ဦးခန့်တို့က ကျောင်းပြန်လည်ဖွင့်လှစ်၍ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဝင်းအတွင်း/အပြင်နေရာများနှင့် စာသင်ဆောင်များအတွင်း မြစ်ရေကြီးစဉ်က တင်ကျန်နေခဲ့သည့် ရွှံ့၊ နုန်းများနှင့် အမိုက်သရိုက်များကို မီးသတ်ရေယာဉ်ဖြင့် ပက်ဖျန်းဆေးကျောပေး၍ သန့်ရှင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပေးကြကြောင်း သိရသည်။

အလားတူ ယမန်နေ့ နံနက်ပိုင်းကလည်း မြို့နယ်ပြည်သူ့ဆေးရုံ အတွင်း/အပြင်နှင့် ချောင်းကြီးရပ်ကွက်အတွင်းရှိ ကွတ်ကရစ်လမ်းများအတွင်း ကျန်ရှိနေခဲ့သည့် ရွှံ့၊ နုန်းများကိုလည်း စုပေါင်းရှင်းလင်းပေးကြကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)