ကံမ ဩဂုတ် ၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ကျင်းပပြုလုပ်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ၊ ကလေးငယ်များနှင့် မိခင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဝေလင်းဗိုလ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းကြူက အာဟာရအုပ်စုများနှင့် အာဟာရတန်ဖိုးအကြောင်းကို အကျယ်တဝံ့ ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား သံဓါတ်အားဆေးများ ထောက်ပံ့ပေးအပ်ပြီး ကလေးငယ်များအား ဗီတာမင်-အေ အားဆေးများ တိုက်ကျွေးပြီးနောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြက်ဥနှင့် အိုင်အိုဒင်းဆားများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)