ကော်ဖီသီးနှံကိုအိမ်ခြံဝင်းတွင်လည်း စိုက်ပျိုးနိုင်ပြီး တစ်အုပ်တစ်မ တိုးချဲ့စိုက်ပျိုးခြင်းမှ စီးပွားဖြစ် စိုက်ခင်းသို့ တိုးချဲ့ပြောင်းလဲစိုက်ပျိုးရန်လို

ဘားအံ ဩဂုတ် ၅

ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီပင်စုပေါင်းစိုက်ပျိုးပွဲ အခမ်းအနားကို ဩဂုတ်လ ၃ ရက်နေ့ နံနက် ၇ နာရီက ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံဂေါက်ကလပ်၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်၍ ကော်ဖီပင် ၁၀၈၇၅ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ကော်ဖီပင်စုပေါင်းစိုက်ပျိုးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ကော်ဖီသီးနှံကို ကမ္ဘာ့လူသန်းပေါင်းများစွာ နေ့စဉ် ကြိုက်နှစ်သက်စွာ သောက်သုံးလျှက်ရှိပြီး ကမ္ဘာ့ကုန်သွယ်မှုကဏ္ဍ၌ နိုင်ငံခြားဝင်ငွေရရှိသည့် သီးနှံတစ်ခုဖြစ်ကာ ကရင်ပြည်နယ်၏ ကော်ဖီစိုက်ဧက(၁၀၀၂၉)ဧကအနက် အသီးခူဧက (၇၇၇၉) ဧကမှ ကော်ဖီအစေ့အဆံတန်ချိန် (၂၂၀၀) တန်ခန့် ထွက်ရှိလျက်ရှိကြောင်း၊ ကော်ဖီသီးနှံကို အိမ်ခြံဝင်းများတွင်လည်း စိုက်ပျိုးနိုင်ပြီး အိမ်ခြံဝင်းစိုက်ပျိုးမှုမှ တစ်အုပ်တစ်မ စိုက်ခင်းသို့ တိုးချဲ့စိုက်ပျိုးခြင်း၊ တစ်အုပ်တစ်မစိုက်ခင်းမှ စီးပွားဖြစ်စိုက်ခင်းသို့ တိုးချဲ့ပြောင်းလဲစိုက်ပျိုးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ကော်ဖီလျာထားဧကပြည့်မီကျော်လွန်ရေးနှင့် ပြည်နယ်၏ အနာဂတ်ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဌာနများ၊ တောင်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘားအံဂေါက်ကလပ်မှ တာဝန်ရှိသူတစ်ဦးအား ကော်ဖီပျိုးပင်များ ဖြန့်ဝေပေးအပ်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူ၊ သင်တန်းသား၊သင်တန်းသူ၊ ဆရာ၊ဆရာမများ၊ ပတ်ဝန်းကျင်ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများနှင့်အတူ တစ်ဧကလျှင် ကော်ဖီ ၄၃၅ ပင်နှုန်းဖြင့် ၂၅ ဧက အတွင်း ကော်ဖီပင်ပေါင်း ၁၀၈၇၅ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က ထိုသို့ကော်ဖီပင် စုပေါင်းစိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။       

ယခုနှစ်တွင် ကရင်ပြည်နယ်၌ ကော်ဖီပင် ဧက ၁၀၀၀ ကို စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါ ပြည်နယ်အတွင်း ၂၇၄ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး ဘားအံမြို့နယ်အနေဖြင့် ဧက ၂၀၀ စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိရာ ၉၇ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် စံချိန်တင် မြင့်တက်ပြီး ပြန်လည်ကျဆင်းချိန်တွင် လမ်း၊ တံတား၊ ဈေး၊ စာသင်ကျောင်းများတွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ တင်ကျန်ရစ်သော နုန်းမြေများ၊ အမှိုက်သရိုက်များ၊ ရေမြောင်းများ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ ကမ်းနားလမ်းတွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရေးရေသယ်ယာဉ်များ၊ ရေစုပ်စက်များ၊  မီးသတ် ပိုက်များဖြင့် တင်ကျန်ရစ်သော အမှိုက်သရိုက်များ၊ နုန်းမြေများအား ဖယ်ရှားရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ခြင်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊  အမှတ် (၁၅) အခြေခံပညာမူလတန်းကျောင်း၊ ရွှေကင်းရွာအခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား(၁၅၅၀)ဦးခန့် ပူးပေါင်း၍ ယာဉ်၊ ယန္တရား၊ စက်ကိရိယာနှင့် သန့်ရှင်းရေးလုပ်ငန်းသုံးပစ္စည်းများ အသုံးပြု၍ ရေကြီးနစ်မြုပ်ခဲ့သည့် ကျောင်းများ၊ လမ်းများပေါ်မှနုန်းမြေများ၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်မှုတို့ကို လိုက်လံကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

အလားတူ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ဦးလည်မသုန် အစဉ်ကာကွယ်နေသော၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသော၊ တရားသောစစ်ကို ဆင်နွှဲနေသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၏ မေတ္တာ၊ စေတနာအပြည့်ဖြင့် စားသောက်ဖွယ်ရာများပေးပို့လှူဒါန်းနိုင်ရေး ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ဝန်ထမ်းများ ကိုယ်တိုင်စိတ်အားထက်သန်စွာဖြင့် ကြော်လှော်ချက်ပြုတ်ထုပ်ပိုးပြင်ဆင်ဆောင်ရွက်နေမှုများကို ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စုစုပေါင်းငွေကျပ် ၄၇၅၀၀၀၀ဝိ/-(လေးရာခုနှစ်ဆယ့်ငါးသိန်း)တန်ဖိုးရှိ ငါးပိကြော်၊ ငါးခြောက်ကြော်၊ အချိုရည်၊ ကော်ဖီမစ်၊ မြေပဲဆားလှော်၊ ခေါက်ဆွဲခြောက် အစရှိသော စားသောက် ဖွယ်ရာများကို “တရားသောစစ် အောင်ရမည်” စာတမ်းပါစက္ကူဂျပ်ဖာများဖြင့် ထုပ်ပိုး၍ စနစ်တကျ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)