လားရှိုး နိုဝင်ဘာ ၁၈
လားရှိုးမြို့ရှိ Facility Quarantine နှင့် Hotel Quarantine တွင်အသွားအလာ ကန့်သတ်ထား (၂၅၄)ဦး တို့အား လားရှိုးမြို့နယ် ကျန်းမာရေး ဦးစီးဌာနက အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ် တို့ကို မူဆယ်မြို့ရှိ ကျန်းမာရေးဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရာ ယမန်နေ့တွင် ထွက်ရှိလာသော အဖြေရလဒ်များအရ လားရှိုးမြို့ ပညာရေးကောလိပ်တွင် ဖွင့်လှစ်ထားသော Facility Quarantine Center မှ အမျိုးသား (၃)ဦးနှင့် Hotel Quarantine မှ အမျိုးသမီး (၁)ဦး၊ နောင်မွန် ကျေးရွာတွင် Home Quarantine ထားရှိသော အမျိုးသမီး(၁)ဦး စုစုပေါင်း (၅)ဦး တို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ(တွေ့ရှိ)ခဲ့ရသည်ဟု လားရှိုးမြို့နယ် ကိုဗစ်(၁၉)ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံက သိရသည်။
“ကျွန်တော်တို့ လားရှိုးမြို့ပေါ်မှာ ဖွင့်လှစ်ထားတဲ့ ပညာရေးကောလိပ် Facility Quarantine Center ထဲမှာ အသွားအလာ ကန့်သတ်ထားရှိတဲ့ သူတွေထဲက အမျိုးသား(၃)ဦးနဲ့ ရန်ကုန်၊ ကျောက်မြောင်းကနေ ပြန်လာ ပြီး Hotel Quarantine မှာထားရှိတဲ့ အမျိုးသမီး(၁)ဦးရယ်၊ နောင်မွန်ကျေးရွာက ခရီးသွားရာဇ၀င်ရှိလို့ Home Quarantine ထားရှိထားတဲ့ အမျိုးသမီး (၁)ဦး၊ အားလုံး အမျိုးသား (၃)ဦး၊ အမျိုးသမီး(၂)ဦး မှာ ပိုးတွေ့ရှိခဲ့ကြောင်း သိရပါတယ်၊ အဆိုးထဲက အကောင်းလို့ ပြောရမှာ တစ်ခုက အခုပိုးတွေ့လူနာ (၅)ယောက် စလုံးကို ကျွန်တော်တို့က အချိန်မီ Quarantine ထားရှိနိုင်လိုက်တယ်၊ အသွားအလာ ကန့်သတ်ထား လိုက်နိုင် တဲ့ အတွက် သူတို့ကနေ ထပ်ဆင့်ပြီး ထိတွေ့နိုင်မယ့် Contact တွေကို ထိန်းလိုက်နိုင်တာပါ၊ ဒါပေမဲ့ မိဘ ပြည်သူတွေကို အထူးမှာချင်တာက အတတ်နိုင်ဆုံး အိမ်မှာနေဖို့နဲ့ အပြင်ထွက်ရင် Mask တပ်ဖို့ကို မှာချင် ပါတယ်လို့” မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက ပြောသည်။
ယခု ပိုးတွေ့ရှိသူများသည် လားရှိုးမြို့ပေါ်ရှိ Quarantine Center များတွင် အသွားအလာ ကန့်သတ်ထားရှိ သူများထဲမှဖြစ်ပြီး အဆိုပါ လူနာများအား လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ် ကုသဆောင်သို့ လူမှုကူညီရေး အသင်းကားများဖြင့် ပို့ဆောင်ထားရှိပြီး ဖြစ် ကြောင်း သိရှိရသည်။
ထို့ပြင် အဆိုပါ အထူးကြပ်မတ်ကုသဆောင်၌လည်း တန့်ယန်းမြို့နယ်မှ ကိုဗစ်(၁၉)ရောဂါ အတည်ပြု လူနာတစ်ဦးလည်း ရှိနေပြီး လားရှိုးပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ် ကုသဆောင်၌ ကိုဗစ်(၁၉)ရောဂါ အတည်ပြုလူနာ(၆)ဦး ရှိနေပြီဖြစ်ကြောင်း လားရှိုးမြို့နယ် ကိုဗစ်(၁၉) ရောဂါ တားဆီးကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီထံက သိရသည်။
ဟန်ဌေး (လားရှိုး)