မကွေး ဩဂုတ် ၅
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဝန်ကြီးဌာနမိသားစုဝင်များ၊ တိုင်းဒေသကြီးအသီးသီးရှိ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိရာ ယမန်နေ့တွင် မကွေးမြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက စာနာမှု၊ စေတနာ၊ မေတ္တာအပြည့်ဖြင့် စုပေါင်းချက်ပြုတ် ကြော်လှော်ကြပြီး စားသောက်ဖွယ်ရာများပေးပို့လှူဒါန်းနိုင်ရေးအတွက် ပြင်ဆင်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေမှုကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
နိုင်ငံတော်လုံခြုံရေး၊ နယ်မြေကာကွယ်ရေးအတွက် အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စားကာ ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငါးနီတူးခြောက်ကြော်၊ အသားတုနှင့် ငရုတ်သီးခြောက်ကြော်များအပြင် ပဲကြော်၊ မြေပဲဆားလှော်၊ ပုန်းရည်ကြီး၊ အသင့်စားခေါက်ဆွဲထုပ်၊ စူပါကော်ဖီမစ်၊ ဆေးပေါလိပ်များနှင့်အတူ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများက “တရားသောစစ် အမြန်ဆုံး အောင်မြင်ပါစေ၊ တပ်မတော်သားများရဲ့အောင်မြင်မှု ပြည်သူလူထုရဲ့ ငြိမ်းချမ်းမှုတွေကို စောင့်မျှော်လျက် တပ်မတော်သားများကို ချစ်တဲ့ပြည်သူတွေ အများကြီးရှိနေပါတယ်၊ အန္တရာယ်ရန်စွယ်အမျိုးမျိုးကို ဖြတ်ကျော်ကာ တိုင်းပြည်အတွက် အသက်ပေး တိုက်ပွဲဝင်နေသည့်အတွက် များစွာကျေးဇူးတင်ဂုဏ်ယူပါကြောင်း၊ တိုက်ပွဲတိုင်းကို အောင်နိုင်ပြီး ပြုံးပန်းဆင်ကာ ပြန်လာမည့်နေ့ကို စောင့်ကြိုနေကြောင်း” စသည့် ဆုတောင်း မေတ္တာစာလွှာများကို ထည့်သွင်းပေးပို့ခဲ့ကြသည်။
ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများကလှူဒါန်းသည့် ငွေကျပ် သိန်း (၁၀၀) ကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများအား မကွေးမြို့၊ အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းဟေဝန်ခန်းမတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေးအပ်ရာ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦးနှင့် မကွေးတပ်နယ်မှ တပ်မတော်အရာရှိကြီးများက အသီးသီး လက်ခံရယူခဲ့ကြောင်း သိရသည်။
မောင်ညီညာ