ဇူလိုင်ဒုတိယပတ်ရွာသွန်းသည့် မိုးဖြင့် နတ်မောက်မြို့နယ်တွင် ချည်မျှင်ရှည်ဝါများ စတင်စိုက်ပျိုးလျက်ရှိ

နတ်မောက် ဩဂုတ် ၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မေလ(၁၉)ရက်(၂၀)ရက်များတွင် မိုးဦးမိုးရွာသွန်းခဲ့ပြီး ယင်းမိုးရေးဖြင့် မိုးသီးနှံများဖြစ်သည့် နှမ်းလျင်၊ ပင်ထောင်မြေပဲ၊ သီးညှပ်သီးနှံ ပဲစင်းငုံနှင့် ချည်မျှည်ရှည်ဝါသီးနှံများ စိုက်ပျိုးခဲ့သည်။

မေလအတွင်း စိုက်ပျိုးခဲ့သည့် မိုးသီးနှံများအနက် နှမ်းလျင်၊ ပင်ထောင်မြေပဲ၊ သီးညပ်သီးနှံများသည် အပင်ပေါက်ရောက်မှု အားကောင်းခဲ့ပြီး ဝါသီးနှံများမှ အပင်ပေါက်ရောက်မှု အားနည်းခဲ့ကြောင်း မိုးသီးနှံများ မိုးရေလိုအပ်ချိန်တွင် ဇွန်လအတွင်း ဇွန်(၁၂)ရက် ဇွန်(၁၃)ရက် ဇွန်(၂၈) ရက်များက မိုးရွာသွန်းခဲ့သော်လည်း မိုးရွာချိန်မှာ (၅)မိနစ်သာသာရခဲ့ပြီး ရွာသွန်းသည့် မိုးပေါက်များမှာ မိုးဖွဲဖွဲလောက်သာကျခဲ့ကြောင်း၊ သို့ဖြစ်၍ မိုးသီးနှံများ ဖြစ်ထွန်းမှုမရှိခဲ့ကြောင်း မိုးရေမရခြင်းကြောင့် ဝါသီးနှံများကို ဇူလိုင်လဒုတိယ(၁၀)ရက်ပတ်အထိ အပြည့်အဝမစိုက်ပျိုးရသေးကြောင်း လျှော်တောင်ကျေးရွာ တောင်သူကိုမြင့်ဦးက ပြောသည်။

မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် ဇူလိုင်လ(၉)ရက် (၁၉)ရက် (၂၀)ရက် (၂၂)ရက်များက မိုးရွာသွန်းမှုကြောင့် မေလကစိုက်ပျိုးခဲ့သော ချည်မျှည်ရှည်ဝါ စိုက်ခင်းများတွင် မျိုးစေ့ဖာထေးခြင်း၊ မူလစိုက်ပျိုးရန် စုဆောင်းထားရှိပြီး ချည်မျှည်ရှည်ဝါ မျိုးစေ့များကို ယခုလရွာသည့် မိုးရေအစိုဓာတ်ဖြင့် တွင်တွင်ကျယ်ကျယ်စိုက်ပျိုးလျက်ရှိကြောင်း၊ အထူးသဖြင့် တောင်သူများအနေဖြင့် ရွှေတောင်-၈၊ ရွှေတောင်-၁၀ ဝါမျိုးစေ့များကို အသုံးပြုစိုက်ပျိုးကြကြောင်း အကျိုးဆောင်တောင်သူတစ်ဦးက ပြောသည်။

နတ်မောက်မြို့နယ်တွင် မိုးချည်မျှရှည်ဝါ(၂၈၂၇၅)ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ယခုအခါ(၁၅၀၀၀) ဧကစိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

မူမူစန်း