တနင်္သာရီ ဩဂုတ် ၅
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ တနင်္သာရီမြစ်သည် ထားဝယ်ခရိုင်-မေတ္တာမြို့အနီး၌ မြစ်ဖျားခံ၍ တနင်္သာရီမြစ် (ဒေသခေါ်ချောင်းကြီးမြစ်)အဖြစ် စီးဆင်းလာခြင်းဖြစ်ပြီး ၎င်းချောင်းကြီးမြစ်အတွင်းသို့ ငဝန်ချောင်းဖျား(ဒေသခေါ်ချောင်းငယ်မြစ်)မှ မြစ်ရေများပေါင်းဆုံ၍ မြိတ်မြို့နယ်အဝင် ပင်လယ်အတွင်းသို့ ဆက်လက်စီးဝင်သည့် မြစ်တစ်မြစ်ဖြစ်ပေသည်။
တနင်္သာရီမြစ်ရေသည် နှစ်တိုင်းလိုလို ဇူလိုင်လ/ ဩဂုတ်လနှင့်စက်တင်ဘာလများတွင်မြစ်ဖျားရှိ ထားဝယ်ခရိုင်အတွင်း(မေတ္တမြို့၌) မိုးများစွာရွာသွန်းခြင်းကြောင့်လည်းကောင်း/ထို့အပြင် တနင်္သာရီမြို့နယ်အတွင်းရှိ သကျက်ချောင်း၊ သိန်ခွန်းချောင်းနှင့် ငဝန်ချောင်းတို့တွင် မိုးများစွာရွာသွန်းခြင်းကြောင့်လည်းကောင်း မြစ်ရေများတိုးမြင့်လာလေ့ရှိကာ မြစ်ရေတိုးချိန်တွင် အဆိုပါ မြစ်နှစ်စင်းဆုံသည့်နှစ်သည် မြစ်ရေကြီးမှုအန္တရာယ်ကို ခံစားရလေ့ရှိပေသည်။
အဆိုပါ တနင်္သာရီမြို့နယ်၏ စိုးရိမ်ရေအမှတ်မှာ သာမန်မြစ်ရေအထက်(၁၇)ပေဖြစ်ပြီး အန္တရာယ်ရေအမှတ်မှာ(၂၄)ပေဖြစ်သည်။ တနင်္သာရီမြစ်ရေကြီးခြင်း မှတ်တမ်းများအရ အမြင့်ဆုံး မြစ်ရေကြီးမှုအဖြစ် ၁၉၉၄ ခုနှစ်၊ မြစ်ရေဖြစ်ပြီး အန္တရာယ်ရေအမှတ်ဖြစ်သည့် (၂၄) ထက် (၁၂ပေ-၄လက်မ)ကျော်လွန်၍ (၃၆ပေ-၄လက်)အထိမြစ်ရေဝင်ရောက်ခဲ့သဖြင့် မြို့နယ်တစ်ခုလုံးရေကြီး နှစ်မြုပ်မှုဒဏ်ကို ရက်ရှည်ခံစားခဲ့ရကြောင်း မှတ်တမ်းများအရ သိရသည်။
ယခုနှစ် ၂၀၂၄ခုနှစ်၊ဇူလိုင်လ(၃၁)ရက်နေ့ နံနက် ၆ နာရီတွင် တနင်္သာရီမြစ်ရေသည် အန္တရာယ်ရေအမှတ်ထက် (၇)ပေကျော်လွတ်၍ (၃၁) ပေအထိ ကြီးမြင့်ခဲ့သောကြောင့် ၁၉၉၄ ခုနှစ် နောက်ပိုင်းနှစ် (၃၀) ကာလအတွင်း ဒုတိယအကြိမ်၊ မြစ်ရေအကြီးဆုံးနှစ်အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး ယခုအခါ မြစ်ရေများတဖြည်းဖြည်းပြန်လည်ကျဆင်းလျက်ရှိရာ ဩဂုတ်လ ၃ ရက် မွန်းလွဲ ၁၂ နာရီအချိန် တိုင်းထွာချက်အရ အန္တရာယ်ရေ အမှတ်(၂၄)ပေအောက် (၂ပေ)လျော့နည်း၍(၂၂ပေ)အထိ ပြန်လည်လျော့ကျနေကြောင်း သိရသည်။
သို့ပါ၍ တနင်္သာရီမြစ်ရေသည် ယခုအခါ (ထုံခါးလမ်းအပိုင်း)ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လယ်တောင်ရွာကျေးရွာအနီး မိုင်တိုင်အမှတ် (၈၃၄.၀Km မှ ၈၃၅.၀km)အကြား အလျား(ပေ၁၀၀၀)ခန့်နှင့် အနက်(၆ပေ)ခန့်မြစ်ရေကျန်ရှိနေပြီး၊ မြိတ်-တနင်္သာရီလမ်းမကြီးတလျှောက်နှင့်တနင်္သာရီ-ညောင်ပင်ကွင်း-သဘော့လိပ်-သဲဖြူရွာ-မောတောင်မြို့များသို့ သွားသည့်လမ်းမပေါ်တွင် မြစ်ရေများ လုံးဝ(လုံးဝ) မကျန်ရှိတော့သဖြင့် ယာဉ်ကြီး/ယာဉ်ငယ်များဖြတ်သန်းသွားလာ၍ ရနေပြီဖြစ်ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)