တနင်္သာရီ ဩဂုတ် ၄
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ဒုတိယရက်သတ္တပတ်မှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၃၁ ရက်နေ့အထိ တနင်္သာရီမြို့၏ အန္တရာယ်ရေအမှတ်ဖြစ်သည့် သာမန်မြစ်ရေအထက်(၂၄)ပေကို (၇ပေ)အထိ ကျော်လွန်၍ (၃၁)ပေအထိ မြစ်ရေကြီးမြင့်ခဲ့ပြီး ဩဂုတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီအတွင်း တိုင်းထွာ ချက်အရ (၂၂)ပေသို့ ပြန်လည်လျော့ကျလျက်ရှိကြောင်း သိရသည်။
သို့ပါ၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူး၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများအားလုံး စုပေါင်း၍ မြစ်ရေပြန်ကျသဖြင့် မြို့ပေါ်ရပ်ကွက်များရှိ လမ်းများနှင့် မြို့နယ်ပြည်သူ့ဆေးရုံလူနာဆောင်များအတွင်းရှိ ရွှံ့နွံနုန်းများနှင့် အမှိုက်သရိုက်များကို မီးသတ်ရေယာဉ်ဖြင့် ပက်ဖျန်းဆေးကျောပေး၍ သန့်ရှင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပေးကြကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)