မကွေးမြို့တွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

မကွေး ဩဂုတ် ၅

မကွေးမြို့တွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု ရောင်းဝယ်သူများဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဦးမောင်မောင်ဆန်းက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ  လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မျိုးထွန်းက အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ ညွှန်ကြားချက်အမှတ် (၁/၂၀၂၂)နှင့် အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရာ ညွှန်ကြားချက်အမှတ်(၂/၂၀၂၂)ကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်ဇော်က AML/ CFT ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့်ပတ်သက်၍လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ဥပဒေအရာရှိ၊ မကွေးတိုင်းဒေသကြီး မြေစာရင်းဦးစီးမှူးနှင့် မကွေးတိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးမှူးတို့က ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဌာနမှဆောင်ရွက်ရသည့်လုပ်ငန်းများကိုလည်းကောင်း အသီးသီးဆွေးနွေးပို့ချခဲ့ပြီး တက်ရောက်လာသည့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းနှင့် အဖိုးတန်သတ္တုလုပ်ငန်းရောင်းဝယ်သူများအား တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)