ဘားအံ ဩဂုတ် ၅
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကရင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော၊ စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်နေသော ရှေ့တန်းရောက်မြန်မာ့တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင် စုမပြိုကွဲရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးတို့အတွက် တပ်မတော်သည် အဓိကကျသောအခန်းကဏ္ဍမှပါဝင်နေပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် အသက်ကိုပင်ပဓာနမထားပဲ တာဝန်ထမ်းဆောင်နေကြသော ရှေ့တန်းရောက် တပ်မတော်သားများကို ဆောင်ရွက်ပေးနိုင်သည့်နည်းလမ်းများဖြင့် အားပေးကူညီခြင်းဖြစ်ကြောင်း၊ အသင်းအဖွဲ့များ စေတနာရှင်အလှူရှင်များကို ထပ်မံနှိုးဆော်၍ အခါအားလျော်စွာ ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ပြီး ရှေ့တန်းစစ်မျက်နှာတွင် တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများ အန္တရာယ်ကင်းဘေးရှင်း၍ တိုက်ပွဲတိုင်းအောင်မြင်နိုင်ပါစေကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ်လေးရာခုနှစ်ဆယ့်ငါးသိန်းတန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်ထံ ထောက်ပံ့ပေးအပ်ပြီး လှူဒါန်းပေးကြသော ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူးဗိုလ်မှူးချုပ်ဇော်မင်းအောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယနေ့ထောက်ပံ့ပေးအပ်ရာတွင် ငါးပိကြော်၊ ငါးခြောက်ကြော်၊ အချိုရည်၊ ကော်ဖီမစ်၊ မြေပဲဆားလှော်၊ ခေါက်ဆွဲခြောက် အစရှိသော စားသောက်ဖွယ်ရာ(၇)မျိုးကို ဝန်ထမ်းများကိုယ်တိုင် စိတ်အားထက်သန်စွာကြော်လှော်ချက်ပြုတ်ထုပ်ပိုး၍ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသော ရှေ့တန်းရောက် တပ်မတော်သားများအတွက် အရှေ့တောင်တိုင်းစစ်ဌာန ချုပ်မှ တစ်ဆင့် ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)